မြန်မာဘက်မှ တရားမဝင်ပြန်လာသည့် ထိုင်းအမျိုးသား ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
January 8, 2021
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မနေ့ညက မြန်မာဘက်ခြမ်း ကနေ တရားမဝင် ပြန်ဝင်လာတဲ့ ထိုင်းအမျိုးသားတစ်ဦး ဖမ်းဆီးရမိပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ လက္ခဏာတွေ့ရှိရတဲ့အတွက် မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီလ ၇ ရက် ည ၈ နာရီလောက်က မယ်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်မှာ လုံခြုံရေးယူနေစဉ် ဝိန်းဟွမ်ကျေးရွာ နယ်မြေ ၄ ရှိ မယ်ဆိုင်ချောင်းအနီးမှာ မသင်္ကာဘွယ်လူတစ်ယောက်ကို တွေ့ရှိလို့ စစ်ဆေးရာမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းလူမျိုးဖြစ်နေတာကို သိရတယ်လို့ ဆိုပါတယ်။
အဆိုပါ အမျိုးသားဟာ မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ် ဝိန်းတိုက်ရွာက အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းဖိရဝစ် ရှဲ့ကျိ ဆိုသူဖြစ်ပြီး မြန်မာဘက်ခြမ်းမှာ အလုပ်သွားလုပ်ရာက ပြန်ဝင်လာ ကြောင်း၊ သူ့ကို ကနဦးကျန်းမာရေးစစ်ဆေးရာမှာ လည်ပင်းနာခြင်း၊ ချောင်းချောက်ဆိုးခြင်း၊ သလိပ်ထွက်ခြင်းစတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လက္ခဏာတွေ တွေ့ရတဲ့အတွက် ဥပဒေအရ အရေးမယူခင် မယ်ဆိုင်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သူ့ရဲ့ တို့ဖတ်နမူနာကိုလည်း ဓာတ်ခွဲခန်း ပို့ထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တာဝန်ရှိသူတွေဟာ မယ်ဆိုင်မြို့ထဲမှာလည်း တရားဥပဒေနဲ့ မညီ ညွတ်တာတွေကို စစ်ဆေးရာမှာ တားမြစ်ထားတဲ့ နိုက်ကလပ်၊ ကာရာအိုကေနဲ့ စားသောက်ဆိုင် ၄ နေရာကိုလည်း ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းပြန်လည်ကူးစက်နေပြီး ရွှေ့ပြောင်းအလုပ်သမားတွေ တင်မကဘဲ လောင်းကစားဝိုင်း၊ ကြက်တိုက်ပွဲနဲ့ နိုက်ကလပ်တွေကနေလည်း ကူးစက်မှု တွေရှိနေတဲ့ အတွက် အဆိုပါနေရာတွေကို ပိတ်ပင်ထားသလို ခရိုင်တချို့မှာတော့ စာသင်ကျောင်း၊ တက္ကသိုလ် နဲ့ သိပ္ပံကျောင်းတွေ၊ အားကစားရုံတွေ၊ ပြဇာတ်ရုပ်ရှင်ရုံတွေပါ ပြန်ပိတ်လိုက်ရပါတယ်။
ထိုင်းနိုင်ငံရဲ့ ဇန်နဝါရီလ ၈ ရက် ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ လူနာသစ် ၂၀၅ ယောက်ရှိတာကြောင့် အတည်ပြုလူနာ စုစုပေါင်း ၉၈၄၁ ယောက် ရှိသွားပြီဖြစ်ပါတယ်၊ အဲဒီထဲက သက်သာ ပျောက်ကင်းသူပေါင်း ၅၂၅၅ ယောက်ရှိကာ သေဆုံးသူပေါင်း ၆၇ ယောက် ရှိပါတယ်။
ကိုးကား - Chiangmai news