လက်ပံတောင်းတောင်ဒေသက ရုက္ခစိုးထန်းပင်မြစ် စိုက်ပျိုးသူများ အရှုံးပေါ်
DVB
·
January 8, 2021
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီမြို့နယ်အတွင်းက ရက္ခစိုးထန်းပင်မြစ် စိုက်ပျိုးရေးလုပ်ငန်းဟာ မိုးနည်းပြီး ထန်းပင်ပေါက်မရလို့ အရှုံးပေါ်နေတယ်လို့ ဒေသခံ စိုက်ပျိုးသူတွေ ထံကနေ သိရပါတယ်။
လယ်တီကျေးရွာက ထန်းပင်မြစ် စိုက်ပျိုးရောင်းချသူ ဒေါ်ခင်မာမြင့်က "ထန်းသီးက ၅ ပြည်ဝင်တောင်းနဲ့တစ်တောင်းဆိုရင် တစ်ထောင်ပေးရတယ်။ ဒီနှစ်မိုး မရှိတော့ အပင်ပေါက်မရဘူး။ အပင်ပေါက်မရတော့ အဆင်မပြေဘူး အရှုံးပေါ်တယ်။ ထန်းပင်မြစ် တစ်ကျင်းကို ကုန်ကျငွေ ၄ သိန်း ၅ သိန်းကုန်ကျတယ်။ ကုန်ကျငွေ အနည်း၊ အများ ကတော့ စိုက်ပျိုးကျင်းပေါ်မူတည်တယ်။ အရင်နှစ်တွေထက်စာရင် အထွက်က တစ်ဝက်ကျော်ကျော်လောက် နည်းသွားတယ်။ ရလာတဲ့ ထန်းပင်မြစ်ကို မုံရွာကိုတင်ပို့တယ်"လို့ ပြောပါတယ်။
ထန်းပင်မြစ်ကို ဝါခေါင်လမှစတင်ကာ အပင်ပေါက်ပျိုးရတာဖြစ်ပြီး နတ်တော်လမှာ အမြစ်ကို တူးဖော်ကာ ဈေးကွက်ကိုပို့ဆောင်ရောင်းချကြတာဖြစ်ပါတယ်။
ထန်းမြစ်တစ်စည်းကို ကျပ် ၆၀၀ နဲ့ မုံရွာသို့ ဖောက်သည်သွင်းကာ တစ်နှစ်ပြီးတစ်နှစ် ထန်းပင်တွေစည်းကမ်းမဲ့ ခုတ်လည်းတာတွေရှိနေတာမို့ နောက်နှစ်တွေဆို ထန်းပင်မြစ်စိုက်ပျိုးဖိုရာ ထန်းသီးမရှိ သလောက်ရှားသွားပြီး ရုက္ခစိုးထန်းပင်မြစ် ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေရောက်နေပြီလို့ စိုက်ပျိုးသူတွေက ပြောပါတယ်။
ထန်းစင်ကျေးရွာနေ ဒေသခံဦးမောင်းအေးက "ရုက္ခစိုးထန်းပင်မြစ်က ကောင်းလည်း ကောင်းတယ်။ အခုဆိုရင် ဒီရုက္ခစိုး ထန်းပင်မြစ်က ရှားလည်းရှားလာပြီလေ။ ဘာလို့ ရှားလာတာလဲဆိုတော့ လက်ပံတောင်းတောင်စီမံကိန်းနဲ့ မလွတ်လို့ထန်းပင် အမြောက်အမြား ခုတ်လှဲတာတွေလည်း ရှိတယ်။ စည်းကမ်းမဲ့ ခုတ်လှဲတာ တွေလည်း ရှိတယ်။ အဲလိုတွေ ခုတ်လှဲလိုက်တော့ ထန်းပင်မြစ်စိုက်ဖို့ ထန်းသီးကောက်ဖို့၊ ဝယ်ဖို့ရာ မလွယ်ကူတော့ဘူး”လို့ ပြောပါတယ်။
ထန်းပင်တစ်ပင် တစ်ပင်လုံးမှာရှိတဲ့အရာအားလုံးဟာ စွန့်ပစ်စရာမရှိဘဲ အရွက်ကို အိမ်မိုးရာမှာ အသုံးပြုပြီး ထန်းလက်မှရတဲ့လျှော်ကို လူသုံးကုန်ပစ္စည်းအမျိုးမျိုးလုပ်လို့ရသလို ပင်စည်ကို အိမ်ဆောက်ရာမှာ သစ်သားအစားထိုးပစ္စည်းအဖြစ် အသုံးပြုလို့ရတယ်လို့လည်း ဦးမောင်အေးက ပြောပါတယ်။
ရုက္ခစိုးထန်းပင်မြစ်ရောင်းချတဲ့လုပ်ငန်းကို ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းအနီးက ကျေးရွာတွေမှာ ရွာသားတွေက မိရိုးဖလာအစဉ်အဆက် စိုက်ပျိုးကာ အသက်မွေးဝမ်းပြုနေကြတာပါ။
သတင်း - ကျော်မင်းသန့်