ဂရီးလစ်ရှ်ကို မခေါ်စေလိုဟု  မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ် ပြော

ဂျက်ဂရီးလစ်ရှ်ဟာ ကစားသမားကောင်း တစ်ဦးဖြစ်ပေမဲ့ မန်ယူနိုက်တက်အသင်းနဲ့ အံဝင်နိုင်မှာ မဟုတ်ဘူးလို့  တိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောပါတယ်။   အပြောင်းအရွှေ့ကာလ တစ်ခု ဖွင့်လှစ်ချိန်မှာ ယူနိုက်တက်အသင်းနဲ့ ဂရီလစ်ရှ်တို့ကြား သတင်းတွေ ထပ်မံပေါ်ထွက်လာတဲ့ အပေါ် အင်ဒီကိုးလ်က သုံးသပ်ပြောကြားလိုက်တာပါ။  အခုအပြောင်းအရွှေ့ကာလ မတိုင်ခင်  ပြီးခဲ့တဲ့ တစ်နှစ်လောက်က ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်တို့အကြား အပြောင်းအရွှေ့ကိစ္စဟာ တော်တော်လေး သတင်းကြီးခဲ့ပါတယ်။  ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်အသင်းဟာ စပို့တင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုသာ ပြောင်းလဲခေါ်ယူခဲ့ပါတယ်။  အပြောင်းအရွှေ့ကိစ္စမဖြစ်ခဲ့ပေမဲ့ ဂရီးလစ်ရှ်နဲ့ ခြေစွမ်းပြနေနိုင်မှုအပြင် အသင်းက ပေါ့ဘာရဲ့အနာဂတ် မသေချာမှုတွေကြောင့် ယူနိုက်တက်အသင်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့တာပါ။  ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကိုယ်တိုင်က ယူနိုက်တက်အသင်းမှာ ပေါ့ဘာ ဆက်ရှိနေသည်ဖြစ်စေ အသင်းကနေ ထွက်ခွာသွားသည်ဖြစ်စေ မစိုးရိမ်ကြောင်းနဲ့ သူဟာ ဂရီးလစ်ရှ်ကို နှစ်သက်သူဖြစ်ကြောင်း ပြောပါတယ်။  သူဟာအင်္ဂလန်က ထိပ်သီး ၃၊ ၄ သင်းရဲ့ အသင်းနည်းပြဖြစ်နေမယ်ဆိုရင် ဂရီးလစ်ရှ်ကို ဗီလာအသင်းကနေ မရရအောင်ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။  ဒါပေမဲ့  နောက်ထပ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အင်ဒီကိုးလ်ကတော့ ဖာဒီနန်နဲ့ အမြင်ခြင်း မတူပါဘူး။  လက်ရှိ ဈေးကွက်အခြေအနေအရ ဂရီးလစ်ရှ်ရဲ့တန်ကြေးဟာ ပေါင်သန်း ၁၀၀ နီးပါးအထိ ရှိနေပြီး ဒီကစားသမားက ဆိုးလ်ရှားရဲ့ အိုးထရက်ဖို့ဒ်က နည်းစနစ်နဲ့အံဝင်ပါ့မလားဆိုတာ သံသယ ရှိတယ်လို့ ကိုးလ်က ပြောပါတယ်။  ကိုးလ်က “ ဂရီးလစ်ရှ်ဟာ ကစားသမားကောင်းတစ်ယောက်ပါ။ ဒါနဲ့ပတ်သက်လို့ ကျနော့် မှာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်အခြေအနေကို ကြည့်မယ်ဆိုရင် သူ့ကို ဘယ်နေရာမှာ ကစားခိုင်းမလဲလို့ တွေးမိပါတယ်။ အခုလက်ရှိ ယူနိုက်တက်အသင်းမှာ ဖာနန်ဒက်စ်က တော်တော်လေးကို ခြေစွမ်းပြနေတာပါ။ ဂရီးလစ်ရှ်နဲ့ သူနဲ့ ကစားပေါက်တူပြီး ဂရီးလစ်ရှ်ကို ခေါ်လိုက်မယ်ဆိုရင် ဖာနန်ဒက်စ်ကိုဘယ်နေရာမှာ ထား ကစားမှာလဲ။ သူ့ကို ဘယ်အစွန်ကို ပို့ လို့ရတယ်ပဲထား၊ ဘယ်ဘက်မှာက ရက်ဖို့ဒ်ရှိနေတယ်လေ” ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up