ဈေးရောင်းသူ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ရွှေညောင်မြို့မဈေးကို ယာယီပိတ်
DVB
·
January 7, 2021
ရှမ်းပြည်နယ်၊ ရွှေညောင်မြို့မဈေးထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ယောက် တွေ့ရှိခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်ကစပြီး ဈေးကိုယာယီပိတ်သိမ်းလိုက်တယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။
ရွှေညောင်မြို့မဈေးအတွင်း ဇန်နဝါရီ ၅ ရက်နေ့က စတိုးဆိုင်တစ်ခုမှာ အရောင်းဈေးသည် အဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီး တစ်ယောက် အနံမရတော့တဲ့အတွက် ရွှေညောင် ကွာရန်တင်းစခန်းမှာ ထားရှိပြီး စစ်ဆေးရာက ပေါ့စတစ်ထွက်ရှိခဲ့တာဖြစ်ပါတယ်။
ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက "ဈေးဆိုင်တစ်ဆိုင်က ဈေးအကူရောင်းတဲ့ကောင်မလေးပါ။ အနံ့ပျောက်လို့ ကိုဗစ်ပိုး စစ်ဆေးချိန် ရောဂါတွေ့လို့ဈေးကို ယာယီပိတ်ထားလိုက်တာပါ။ ဇန်နဝါရီ ၆ ရက်က စပြီး နှစ်ပတ် ယာယီနားလိုက်တာ" လို့ ပြောပြပါတယ်။
လက်ရှိမှာ အဆိုပါအမျိုးသမီးနဲ့ထိတွေ့ထားသူ မိသားစုဝင် ၃ ယာက်နဲ့ စတိုးဆိုင်မှာ အလုပ်အတူတူ လုပ်ကိုင်သူ ၄ ယောက်တို့ကို အ-ထ-က(ရွှေညောင်) စောင့်ကြည့်စခန်းမှာထားရှိပြီး ဆိုင်ခန်းပိုင်ရှင်ဖြစ်သူကို တောင်ကြီးမြို့နယ် Hotel Quarantine တစ်ခုမှာထားရှိပါတယ်။
ရွှေညောင်မြို့မဈေးကို နှစ်ပတ်ယာယီပိတ်ထားမှာဖြစ်ပြီး လတ်တလောမှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၅ ယောက်အထိ ဒေသတွင်း ရှိနေတာဖြစ်လို့ ရောဂါပိုးတွေ့လူနာတွေကို စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ထိတွေ့သူ ၂၁ ယောက်ကို စောင့်ကြည့်နေတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ထံကနေ သိရပါတယ်။
သတင်း - ရဲထွဋ်