ဗြိတိန်တွင် တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၆၀,၀၀၀ ကျော် စံချိန်တင်

ဗြိတိန်နိုင်ငံမှာ ပထမဆုံးအနေနဲ့ တရက်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၆၀,၀၀၀ ကျော်နဲ့ ဇန်နဝါရီ ၅ ရက်မှာ စံချိန်တင်ခဲ့ပါတယ်။ အစိုးရကတော့ ပိုပြီး ကူးစက်နိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်မူကွဲသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။ အင်္ဂလန်နယ်နဲ့ စကော့တလန်နယ်တွေကလည်း ရောဂါခြေချုပ် ကန့်သတ်ချက် လော့ဒေါင်းအသစ်ကို စတင်ကျင့်သုံးနေပြီး ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားလို့ အကျပ်အတည်းရဲ့ ပြင်းထန်မှုကို သတိပေးသလို ဖြစ်နေတာပါ။ ကျန်ခဲ့တဲ့ ၈ ရက် ဆက်တိုက်မှာတော့ တရက်တည်းအတွင်း အသစ်ကူးစက်ခံ ဦးရေ ၅၀,၀၀၀ ကျော်ခဲ့ပါတယ်။ မနှစ်က ကူးစက်မှု ပထမလှိုင်း အထွတ်အထိပ်ရောက်ခဲ့ပြီး ဗြိတိန်ဟာ နေ့စဉ် ကူးစက်မှု စစ်ဆေးနိုင်စွမ်း တိုးလာခဲ့လို့ အသစ်ကူးစက်ခံဦးရေ တွေ့ရှိမှုလည်း တိုးနေပါတယ်။  ဗြိတိန်မှာ ပြည်သူ ၁ ဒသမ ၃သန်းကျော်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၅ ရက်မှာ ပြောခဲ့ပါတယ်။ လောလောဆယ် နိုင်ငံလူဦးရေရဲ့ ၂ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အင်္ဂလန်နယ်မှာ လူ ၁ သန်းကျော် ကူးစက်ခံထားရတယ်လို့လည်း ဂျွန်ဆင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ၊ မရှိ စမ်းသပ်ထားတဲ့ ၂၈ ရက်အတွင်း လူ ၂၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် နိုင်ငံခြားက ရောက်လာတဲ့ ခရီးသည်တွေကို ကိုဗစ်-၁၉ စစ်ဆေးခံဖို့ အစိုးရက မကြာခင် တောင်းဆိုမယ်လို့လည်း ဂျွန်ဆင်က ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြံပေးအုပ်စုကလည်း လူနာတွေဟာ ၂၁ ရက်ကနေ ၂၈ ရက်ကြားမှာ ဖှိုက်ဇာ၊ ဘိုင်အိုအန်တက်လုပ်ငန်းကြီး ၂ ခုက ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေး ထိုးဆေး ၂ လုံးကို အပြီးထိုးထားသင့်တယ်လို့ အင်္ဂါနေ့က အကြံပြုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up