ဂရမ်မီတေးဂီတဆုပေးပွဲ မတ်လအထိ ထပ်မံရွှေ့ဆိုင်း

79
လာမယ့် ၂၀၂၁ ခုနှစ် ဂရမ်မီတေးဂီတဆုပေးပွဲအခမ်းအနားကို ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အန္တရာယ်ကြောင့် မတ်လထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီဆုပေးပွဲကို အစက အခုလာမယ့် ၃၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောမှာတော့ လော့စ်အိန်ဂျလိစ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေမှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မြင့်တက်လာတာကြောင့် လာမယ့် မတ် ၁၄ ရက်မှာ ကျင်းပဖို့ ထပ်မံပြီးတော့ ရွှေ့ဆိုင်းလိုက်တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ထုတ်ပြန်ကြေညာခဲ့တဲ့ ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာတော့ နာမည်ကြီးအဆိုတော်တယောက်ဖြစ်တဲ့ ဘီယွန်းစေးက ဆုအများဆုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
အသက် ၃၉ နှစ်အရွယ် အဆိုတော်ဟာ Black Lives Matter လှုပ်ရှားမှုအတွက် သီဆိုခဲ့တဲ့ Black Parade သီချင်းနဲ့ ဆု ၄ ဆုအပါအဝင် စုစုပေါင်းဆု ၉ ဆုနဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။
သူ့နောက်မှာတော့ အဆိုတော် တေလာဆွစ်စ်က လော့ခ်ဒေါင်းကာလမှာ ထွက်ရှိခဲ့ပြီး စံချန်တင်အောင်မြင်မှု ရရှိခဲ့တဲ့ Folklore တေးအယ်လ်ဘမ်နဲ့အတူ ဆန်ခါတင်စာရင်းထဲမှာ ဆု ၆ ဆုနဲ့ ပါဝင်ခဲ့ပြီး ဗြိတိန်အဆိုတော် ဒူအာလီပါကလည်း သူ့ရဲ့ ဒုတိယ မြောက်တေးအယ်လ်ဘမ် Future Nostalgia နဲ့အတူ ဆန်ခါတင်ဆု ၆ ဆုနဲ့ ဒီစာရင်းထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားတာကတော့ Billboard 200 charts မှာ သီတင်းပတ် ၄ ပတ် ဆက်တိုက် နံပါတ် ၁ နေရာမှာရှိနေတဲ့ တေးအယ်လ်ဘမ် After Hours နဲ့ နာမည်ကြီးခဲ့တဲ့ ကနေဒါအဆိုတော် The Weekend က ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ဆုတဆုမှ ပါမလာခဲ့တာပါပဲ။
မနှစ်က ဂရမ်မီဆုပေးပွဲမှာ ဆု ၅ ဆုနဲ့ အများဆုံးသိမ်းပိုက်သွားခဲ့ပြီး အသက်အငယ်ဆုံး ဆုရှင်အဖြစ် စံချိန်တင်ခဲ့တဲ့ အမေရိကန် အဆိုတော်ကောင်မလေး ဘီလီအိုင်းလစ်ရှ်ကတော့ အခုနှစ်မှာ ဆန်ခါတင်ဆု ၄ ဆုနဲ့ စာရင်းဝင်လာခဲ့တာပါ။
အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲ အတော်များများကိုတော့ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် အွန်လိုင်းက Virtual အနေနဲ့ ကျင်းပလာကြတာကိုတွေ့ရပြီး ဂရမ်မီဆုပေးပွဲအခမ်းအနားကိုရော အဲဒီလို ကျင်းပသွားမှာလား ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။