ရေးမြို့နယ်၌ ကုန်ကားနှင့် ဆီဘောက်ဆာကားတိုက်မိပြီး ယာဉ်မောင်း ၁ ဦး ဒဏ်ရာရ
DVB
·
January 6, 2021
မွန်ပြည်နယ်၊ ရေးမြို့နယ် လေယာဉ်ကွင်းဟောင်းအနီး ရေး-မော်လမြိုင်သွား ကားလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီလောက်က ရာဘာသစ်သားတွေ တင်ဆောင်ထားတဲ့ ကုန်ကားနဲ့ ဆီဘောက်ဆာကား တိုက်မိလို့ ဆီဘောက်ဆာယာဉ်မောင်း ပြင်းထန်စွာ ဒဏ်ရာတွေ ရရှိသွားပါတယ်။
ရာဘာသစ်တွေ တင်ဆောင်ထားတဲ့ ၁၂ ဘီးယာဉ်နဲ့ ဆီဘောက်ဆာယာဉ်ကား တိုက်မိပြီး ဆီဘောက်ဆာယာဉ်မောင်းနဲ့ ယာဉ်အကူက ကားထဲမှာ ပိတ်မိနေကာ ကယ်ဆယ်ရေး မီးသတ်သမားတွေနဲ့ အရေးပေါ်လူနာတင်ယာဉ် ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်လိုက်နိုင်ခဲ့ပြီး ရေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ခဲ့တယ်လို့ ရေးမြို့မရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။
ဆီဘောက်ဆာယာဉ်မောင်းမှာ စိုးရိမ်ရတဲ့ အခြေနေမှာရှိနေပြီး ယာဉ်အကူကတော့ စိုးရိမ်စရာမှရိတဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တာပါ။
ရာဘာသစ်တင်ဆောင်ထားတဲ့ကုန်ကား လမ်းဘေးမှာ ရပ်ထားစဉ် ဆီဘောက်ဆာကားက နောက်ကနေ ကျော်တက်စဉ်မှာ အခုလို မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းရေးမြို့နယ်မှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု က ၅၇ မှု ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၇၁ ယောက်ရှိရာမှာ အမျိုးသားက ၆၃ ယောက်၊ အမျိုးသမီး ၈ ယောက်ရှိပါတယ်။ သေဆုံးသူကတော့ အမျိုးသားက ၁၉ ယောက်နဲ့ အမျိုးသမီးက ၅ ယောက် စုစုပေါင်း ၂၄ ယောက်ရှိတယ်လို့ မြို့နယ် ရဲတပ်ဖွဲ့တွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)