အန်အယ်လ်ဒီအစိုးရအဖွဲ့သစ်အပေါ် အယုံအကြည်မရှိဟု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြော
ပြည့်ဘုန်းအောင်
·
January 6, 2021
နိုဝင်ဘာလမှာ ကျင်းပပြီးစီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီချုပ်ပါတီကို ပြည်သူ့ဆန္ဒနဲ့တစ်ထပ်တည်း ရွေးချယ်ခဲ့တယ် ဆိုတာကို မယုံကြည်နိုင်ဘူးလို့ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တောင်းဆိုထားတဲ့ ရွေးကောက်ပွဲ တရားမမျှတမှုတွေကို ကော်မရှင်က ပြန်လည် စိစစ်မပေးသေးသရွေ့ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမယ့် အစိုးရသစ်ကို လက်မခံဘူးလို့ ဦးခင်ရီက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီက ရဲအရေးပိုင်မှု ၁၂၇ မှုနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ၁၁၆၄မှု တိုင်ကြားထားပါတယ်။
လက်ရှိ တပ်မတော်ဘက်ကလည်း ရွေးကောက်ပွဲမဲစားရင်းတွေကို ပြန်လည်စိစစ်နေပြီး မြို့နယ် ၄၄ မြို့နယ်က သိန်းနဲ့ချီတဲ့ မဲစာရင်းမှားယွင်းမှုတွေကို ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပခဲ့ပြီး ပြည်သူ့ဆန္ဒနဲ့ရွေးချယ်ခဲ့ တယ်လို့ ပြောဆိုထားပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့က အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မဲမသမာမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တရားလွှတ်တော်ချုပ်ထံ တိုင်တန်းထားပါတယ်။
ဒီတိုင်တန်းမှုနဲ့ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တို့ အပေါ် စာချွန်တော်အမိန့်ထုတ်ပေးဖို့ လျှောက်ထားလာတာကို လက်ခံသင့် မခံသင့် လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ ကြားနာမယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပါတယ်။