A d v e r t i s e m e n t With Us

မူးမူးနဲ့ ပရီးမီးယားလိဂ်ပွဲ ဝင်ကန်ဖူးတယ် – ဖာဒီနန်

ဆယ်ကျော်သက်ဘဝ ဝက်စ်ဟမ်းအသင်းမှာရှိနေစဉ်က မူးပြီး ပွဲကန်ခဲ့ရဖူးကြောင်း ဖာဒီနန်က ဝန်ခံခဲ့ပါတယ်။  ၁၉၉၆-၉၇ ရာသီအစပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဟိုက်ဘူရီကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီချိန်မှာ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဒီနန်ဟာ အဝေးကွင်းကိုသွားမယ့် ဝက်စ်ဟမ်းအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဘားကို သွားသောက်ခဲ့ကြောင်း ဖာဒီနန်က ပြောပါတယ်။  အဲ့ဒီအချိန်မှာ ဖာဒီနန်ဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတာပါ။ အဝတ်လဲခန်းထဲ ရောက်ချိန်မှ ပေါ်လိုဖူထရီက ပြဿနာရှာမှုကြောင့် ဖာဒီနန်ဟာ လူစာရင်းမှာ ပါဝင်ဖို့ ခေါ်ဆောင်ခံခဲ့ရပါတယ်။ ဖူထရီဟာ အဲ့ဒီရာသီအစပိုင်းကမှ အေစီမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ နံပါတ် ၁၀ ဝတ်ဆင်ဖို့ မျှော်လင့်ထားခဲ့သူပါ။ ဒါပေမဲ့ သူ လိုချင်တဲ့ နံပါတ်ကို မရရှိခဲ့တာကြောင့် ပွဲမစခင်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။  ဒါ့ကြောင့် တစ်ယောက်လိုသွားတဲ့နေရာမှာ ဖာဒီနန်ကို ခေါ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် တုန်လှုပ်သွားတယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ပြောပါတယ်။  “ကျနော် ဝက်စ်ဟမ်းမှာ ရှိနေချိန်ကပေါ့။ အသင်းလူစာရင်းမှာတော့ပါတယ်၊ ပွဲမကစားရဘူးထင်လို့ ဘားကိုသွားပြီး ဘရန်ဒီသုံးခွက်လောက် နဲ့ ကုတ်တွေ သောက်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ တစ်ယောက်ကလာပြီး မင်းပွဲလူစာရင်းမှာ ပါရမယ်လို့ ကျနော်ကို လာပြောတယ်။ ကျနော့်လက်ထဲမှာ ဘရန်ဒီနဲ့ကုတ်ကို ကိုင်ထားချိန်မှာနော်” လို့ ဖာဒီနန်က The Mo Gilligan Podcast ကို ပြောပါတယ်။ “အဲဒီတော့မှ ကျနော်က ဟာ ဘာတွေဖြစ်ကုန်တာလဲ ရေရွတ်ရင်း ပုလင်းတွေ ထားခဲ့ရတော့တာပါပဲ။ ဒါဟာ ကျနော့်အတွက် ဟိုက်ဘူရီမှာ ပထမဆုံးအကြိမ်က ကစားရတာပါ။ ကျနော် ရှိလှမှ ၁၇၊ ၁၈ ပေါ့။ ကျနော် အောက်ထပ်ကိုဆင်းတော့ လူတွေက အဆင်ပြေရဲ့လားလို့ လာမေးကြတယ်။ ကျနော်ကတော့ ရပါတယ်ပေါ့။ နံပါတ်ပြဿနာကြောင့် ပေါ်လိုက ပွဲမစခင်မှာတင် ဟိုက်ဘူရီကနေ တက္ကစီငှားပြီး လစ်သွားတော့ ကျနော့်ကို အသင်းလူစာရင်းထဲ ထည့်လိုက်တာပါ။ ကျနော် အရန်ခုံမှာ ထိုင်နေရင်းနဲ့ လူစားလဲဖို့ ငါ့ကိုမခေါ်ပါစေနဲ့လို့ တွေးနေမိပါတယ်။ ဘရန်ဒီ ၃ ခွက်နဲ့ ကုတ်လေ။ ကျနော်ကွင်းထဲကိုမသွားနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော် ၁၅ မိနစ်လောက် ကစားခဲ့ရပါသေးတယ်” လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်အသင်းက ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up