A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အဆင်မပြေမှုများအတွက် ထိုင်းဝန်ကြီးချုပ် တောင်းပန်

ထိုင်းနိုင်ငံအတွင်း အကြီးဆုံး ကူးစက်မှုအဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအပြီး အဆင်မပြေတာတွေနဲ့ ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေအတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာက ပြည်သူတွေကို ဇန်နဝါရီ ၄ ရက်မှာ တောင်းပန်လိုက်ပါတယ်။ ပြင်းထန်တဲ့ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကြောင့် စီးပွားရေး ထိခိုက်မယ့် အလားအလာတွေကို အစိုးရက သတိရှိထားတယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လုပ်ဆောင်ချက်တွေဟာ ပိတ်ဆို့ကန့်သတ်တာ မဟုတ်ဘဲ ပိုပြီး သတိထားလိုက်တာပါလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၄ ရက် ညနေထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၈,၄၃၉ ယောက် ရှိထားပြီး ကူးစက်ခံ ၆၅ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ကူးစက်မှုအသစ် အများစုကတော့ ဘန်ကောက် အနောက်တောင်ဘက်ကမ်းရိုးတန်းက စမွတ်စာခွန်တိုင်းအတွင်း ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်နေတာပါ။ အဲဒီနောက် နိုင်ငံ့ဧရိယာ တဝက်ကျော်ထိ ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။ ဘန်ကောက်မြို့တော်က စားသောက်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေမှာ ဆိုင်ထိုင် စားသောက်တာကို ည ၉ နာရီမှာ ရပ်ရမယ်လို့လည်း ပရာယွတ်သ်က ပြောပါတယ်။  ဒါဟာ အစောပိုင်းက ဘန်ကောက် မြို့တော်စည်ပင်စီမံရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ည ၇ နာရီကနေ မနက် ၆ နာရီကြား ဆိုင်ထိုင်မစားဖို့ ကန့်သတ်ချက်ကို စီးပွားရေး စိုးရိမ်မှုကြောင့် ဖြေလျှော့ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကူးစက်ခံရသူ ၅၀ ကျော်တဲ့ တိုင်းတွေမှာ ဘားတွေ၊ ဖျော်ဖြေရေးရိပ်သာတွေကို ပိတ်ထားရမှာဖြစ်ပြီး စားသောက်ဆိုင်မှာ အရက်ရောင်းချမှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ သူတို့ဒေသကို လိုအပ်သလို စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ဖို့ အခွင့်အာဏာပေးထားပါတယ်။ တနိုင်ငံလုံးက အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေ၊ ပညာရေးသင်တန်းတွေ အားလုံးကို ၁ လ ပိတ်ထားခိုင်းပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စီနိုဗက် ထိုးဆေး ၂ သန်းကို ရရှိမှာဖြစ်ပြီး ပထမအသုတ်အနေနဲ့ ထိုးဆေး ၂ သိန်းကို ဖေဖော်ဝါရီလထဲမှာ ရမယ်လို့ အမျိုးသား သတင်းဗျူရိုက ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အက်စ်ထရာဇေနေကာ ကာကွယ်ဆေးကို တနှစ်ကို ထိုးဆေးလုံးရေ သန်း ၂၀၀ ထိုင်းနိုင်ငံထဲမှာ ထုတ်လုပ်နိုင်စွမ်းရှိလာမယ်လို့လည်း ထိုင်းအကြီးတန်းအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up