အဆိုတော် ရဲလေးမွေးနေ့ရှိုး ဇန်နဝါရီ ၁၁ ကျင်းပမည်(ရုပ်သံ)
DVB
·
January 5, 2021
ဟစ်ပ်ဟော့ပ်သီချင်းတွေ သီဆိုတဲ့ အဆိုတော်တယောက်အနေနဲ့ရော၊ နှင်းဆီအဖွဲ့သား လူရွှင်တော်တယောက်အနေနဲ့ ပရိသတ်တွေ သိကြတဲ့ ရဲလေးရဲ့ မွေးနေ့အမှတ်တရ ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ရဲလေးဟာ အသက် ၃၆ နှစ်ပြည့်မှာဖြစ်ကာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံး တေးအယ်လ်ဘမ်-“ကျနော်နှင့် သက်ဆိုင်သော” ဟာ သူ့ကို ရဲလေးအဖြစ် ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတဲ့ တေးအယ်လ်ဘမ်ဖြစ်ပြီး “တတိယကာရန်”၊ “ရ ကောက်ဘဝဖြင့်နေထိုင်ခြင်း”၊ “အိမ်” စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားတဲ့ တေးအယ်လ်ဘမ်တွေ ဖြစ်ပါတယ်။
ရဲလေးဟာ ရုပ်ရှင်ဇာတ်ကားတချို့မှာ သရုပ်ဆောင်တာတွေလုပ်ခဲ့သလို၊ လက်ရှိအချိန်ထိတိုင် ရုပ်သံစီးပွားရေးကြော်ငြာတွေမှာလည်း သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ထဲမှာလည်း ရဲလေးဟာ ပါဝင် ဖျော်ဖြေနေတာပါ။
အရင်တုန်းကတော့ သူ့ရဲ့ မွေးနေ့အမှတ်တရ ရှိုးပွဲတွေကို လုပ်လေ့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သိပ်မလုပ်ဖြစ်ခဲ့ပဲ ပရိသတ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်ပါတယ်။
ခုလာမယ့် ဇန်နဝါရီ ၁၁ ရက်ည ၇ နာရီဖျော်ဖြေပွဲကို စောင့်မျှော်ကြည့်ရှုကြဖို့ ရဲလေးက ဖိတ်ခေါ်ထားပြီး သူနဲ့အတူ တခြား ဘယ်အနုပညာရှင်တွေ ပူးပေါင်းပါဝင်ဖျော် ဖြေကြမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။