A d v e r t i s e m e n t With Us

သမ္မတထရမ့်၏ အာဏာမလွှဲပေးရေး အားထုတ်မှုတွင် စစ်တပ်မပါသင့်ဟု ကာကွယ်ရေးဝန်ကြီးဟောင်းများ ပြော

ရွေးကောက်ခံ သမ္မတသစ် ဂျိုးဘိုင်ဒင်ကို အာဏာလွှဲမပေးဖြစ်အောင် ပိတ်ဆို့ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အားထုတ်မှုမှာ စစ်တပ်က ဘယ်လိုအခန်းကဏ္ဍမှာမှ မပါသင့်ဘူးလို့ သက်ရှိထင်ရှားရှိဆဲ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း ဆယ်ယောက်က ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။ သဝါရှင်တန်ပို့စ်သတင်းစာက ပုံနှိပ်ထုတ်ဝေတဲ့ ထင်မြင်ချက်ကဏ္ဍမှာ ခုလို ပြောလိုက်တာပါ။ ကာကွယ်ရေး ဝန်ကြီးဟောင်းတွေက “အခုအချိန်ဟာ ရီပတ်ဗလစ်ကင် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ရှုံးခဲ့တယ်။ ဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ ထရမ့်ရဲ့ နေရာကို ဆက်ခံရမယ် ဆိုတဲ့ အချက်ကို လက်ခံရမယ့်အချိန်ပဲ။ ရွေးကောက်ပွဲတွေ ကျင်းပပြီးပြီ။ မဲတွေ ပြန်ရေပြီးလို့ စစ်ဆေးပြီးပြီ။ သင့်လျော်တဲ့ စိန်ခေါ်မှု တွေကို တရားရုံးမှာ ရင်ဆိုင်ပြီးပြီ။ အုပ်ချုပ်ရေးမှူးတွေက ရလဒ်တွေကို တရားဝင် ထုတ်ပြန်ပြီးပြီ။ ပြီးတော့ ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့က သမ္မတနဲ့ ဒုသမ္မတကို ရွေးကောက်တင်မြှောက်ပြီးပြီ။ ရလဒ်ကို မေးခွန်းထုတ်ရမယ့်အချိန်က ကျော်နေပြီ”လို့ သဝါရှင်တန်ပို့စ်ကို ပြောပါတယ်။ သူတို့အုပ်စုထဲမှာ သမ္မတ နှစ်ဆက်ရဲ့လက်အောက်က ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး နောက်ထပ် သမ္မတနှစ်ဆက် လက်အောက်မှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒစ်ခ်ချေနေလည်း ပါပါတယ်။ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ ခရစ်စတိုဖာမေလာကိုလည်း ထရမ့်က သမ္မတ ဆက်ဖြစ်ရေး အားထုတ်မှုမှာ အခန်းကဏ္ဍတရပ်အနေနဲ့ ပါဝင်ပတ်သက်တာမျိုးကို ရှောင်ဖို့နဲ့  ဒီမိုကရက်အစိုးရလက်ထက် အသွင်ကူးပြောင်းရေးကာလမှာ ကူညီဖို့ ကာကွယ်ရေးဝန်ကြီးဟောင်းများက ဆော်သြလိုက်ပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အမေရိကန် စစ်တပ်ပါဝင်ရေး အားထုတ်မှုဟာ အန္တရာယ်ကြီးတယ်၊ ဥပဒေနဲ့ မညီဘူး၊ အခြေခံဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့် ပိုင်နက်ထဲမှာ မပါဘူးလို့ သူတို့က ပြောပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေဟာ အလားတူ လုပ်ရပ်မျိုးကို ညွှန်ကြား ဆောင်ရွက်ပါက ရာဇဝတ်မှု ပြစ်ဒဏ်တွေကိုပါ ရင်ဆိုင်ရမယ့် အလားအလာ အပါအဝင် တာဝန်ခံရလိမ့်မယ်လို့လည်း သူတို့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up