ကိုဗစ်-၁၉ လူနာသစ် ၅၉၀ တွေ့ရှိ၊ သေဆုံးသူ ၁၆ ဦးထပ်တိုး
DVB
·
January 4, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၅၉၀ ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၆ ယောက်ထဲမှာ ၁၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၃ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၉၉၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၅၉၀ ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၅၂ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၂၆ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၂၂၆ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၄၃၇ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၆,၉၃၅ ယောက်၊ သေဆုံးသူ ၂,၇၄၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၀,၂၀၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၈ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၆၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ- ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ)၊ စောင့်ကြည့်ကြပ်မတ်ကုသဆောင် (HDU)