Home
မြန်မာသတင်း
ကျားခေါင်းဘိလပ်မြေစက်ရုံ ကျွမ်းကျင်လုပ်သားများကို နစ်နာကြေးပေးစေရန် ခုံသမာဓိ ဆုံးဖြတ်
DVB
·
January 4, 2021
ကျောက်ဆည်မြို့ ကျားခေါင်း ဘိလပ်မြေစက်ရုံဟာ အလုပ်သမားတွေကို အလုပ်မထွက် ထွက်ချင်အောင်လုပ်တယ်လို့ တိုင်းခုံသမာဓိအဖွဲ့က သုံးသပ်ပြီး ကျွမ်းကျင်အလုပ်သမားတွေကို နစ်နာကြေးပေးစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်က ကျားခေါင်းဘိလပ်မြေစက်ရုံဟာ ကိုဗစ်ပထမလှိုင်းကတည်းက ပုံမှန်မလည်ပတ်နိုင်တော့သလို စက်ရုံဝန်ထမ်းတွေကိုလည်း လစာမပေးနိုင်တော့တဲ့အတွက်  နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး စက်ရုံယာယီပိတ်သိမ်းခဲ့ပါတယ်။  စက်ရုံက ဒုကြီးကြပ်ရေးမှူးအဆင့်အောက် ဝန်ထမ်းအားလုံးကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ အလုပ်ထုတ် နစ်နာကြေးတွေပေးပြီး အလုပ်ဖြုတ်ခဲ့ပေမဲ့ အဲဒီအထက်က ကျွမ်းကျင်ဝန်ထမ်း ၁၀၀ ကျော်ကိုတော့ စက်ရုံပိုင်ရှင်ရဲ့ တခြားလုပ်ငန်းတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမိန့်စာထုတ်ခဲ့ပါတယ်။ ပြောင်းခိုင်းတာက ဆင်တောင်၊ မခေါ်ကျောက်မီးသွေးမိုင်း၊ လားရှိုးစိုက်ပျိုးရေးခြံတွေနဲ့ ရန်ကုန် VeVe အချိုရည်စက်ရုံတို့ဖြစ်ပြီး ပထမအသုတ် ၂၅ ယောက် သွားရမယ့် ကျောက်မီးသွေးမိုင်းဟာ ထုတ်လုပ်ခွင့်လိုင်စင် ကုန်ဆုံးနေတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိပြီး ဒေသမငြိမ်းချမ်းတာ၊ မိုင်းတွင်းအနီးအနားရွာတွေမှာ ဆေးပေးခန်းတွေ မရှိတာ၊ ဝန်ထမ်း လိုင်းခန်းတွေ လုံလောက်မှုမရှိတာ၊ လုပ်ငန်းသဘာဝမတူတာ စတာတွေကြောင့် မသွားရောက်လိုဘူးလို့ တင်ပြခဲ့ကြတာပါ။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း ကျားခေါင်းစက်ရုံဘက်က အလုပ်ထုတ် နစ်နာကြေးရမှ အလုပ်ပြောင်းနိုင်မယ်လို့ တောင်းဆိုကြပေမယ့် အလုပ်ရှင်ဘက်က လျစ်လျူရှုနေခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ ကျောက်ဆည်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိပေးခဲ့ပေမဲ့ အလုပ်ထုတ်နစ်နာကြေးရဖို့ အဆင်မပြေတာကြောင့် မန္တလေးတိုင်း ခုံသမာဓိအဖွဲ့ဆီကို အမှုတွဲ လွှဲပြောင်းခဲ့တာပါ။ အလုပ်သမားတွေကို အလုပ်ပြောင်းရွှေ့တဲ့ကာလဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးတဲ့အထိလို့ ဆိုတာကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်စည်းကမ်းကို စက်ရုံပိုင်ရှင်ဘက်က ဖောက်ဖျက်နေတယ်လို့ ခုံရုံးက သုံးသပ်ခဲ့ပါတယ်။  ပြီးတော့ အလုပ်သမားတွေအနေနဲ့ ကိုဗစ်ကာလမှာ အဲဒီလိုဝေးကွာတဲ့နေရာတွေကို သွားရမယ်ဆိုရင် ကျန်ခဲ့တဲ့မိသားစုတွေပါ စိတ်သောကရောက်ကြမှာဖြစ်တဲ့အတွက် အလုပ်သမားတွေ မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်သွားအောင်နဲ့ ဘယ်ခံစားခွင့်မှ မရရှိအောင် အလုပ်ရှင်ဘက်က ဆောင်ရွက်နေတဲ့သဘော သက်ရောက်နေတယ်လို့လည်း သုံးသပ်ထားပါတယ်။  ဒါ့ကြောင့် အလုပ်သမားတွေကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေတာထက် အလုပ်ရပ်စဲမှု နစ်နာကြေးပေးဖို့ သင့်တော်တယ်လို့ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။  ဒုကြီးကြပ်ရေးမှူးအဆင့်ထက်က ဝန်ထမ်း ၁၀၀ ကျော်မှာ လုပ်သက် ၄ နှစ်ကစလို့ နှစ် ၂၀ ကျော်အထိရှိနေသူတွေ ဖြစ်ပါတယ်။ စက်ရုံက အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ကိုတင်ဇော်ဦးက “ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က မျှတမှန်ကန်မှုရှိပြီး ဥပဒေအပါအဝင် လူမှုရေး တရားမျှတမှုပါ အလေးထားတယ်” လို့ ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024