Favipiravirကို ဘယ်ရောဂါတွေအတွက် သုံးနိုင်သလဲ။
Favipiravirကို တုပ်ကွေးအတွက် ထုတ်ထားတယ်ဆိုပေမယ့် လေ့လာချက်တွေအရ
-တုပ်ကွေးဗိုင်းရပ်စ်ပေါင်း ၅၃မျိုးလောက်မှာ သုံးလို့ရနိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့ပြင်
-အီဘိုလာ ဖြစ်တုန်းကလည်း သူ့ကို သုံးဖို့ ရည်ရွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
-တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ချက်အရ တခြား RNAဗိုင်းရပ်စ်တွေကို ကုသတဲ့နေရာမှာ အစွမ်းထက်တာကိုလည်း တွေ့ရပါတယ်။ လူမှာကတော့ တိကျတဲ့ အဖြေမရသေးပါဘူး။
Favipiravirက ကိုဗစ်ကုသဆေးလား။
Favipiravirကို ကိုဗစ်ကုသတဲ့ နေရာမှာ သုံးဖို့
WHOက တရားဝင် ကြေညာထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် စမ်းသပ်ပြီး သုံးစွဲနေတာမျိုး၊ အရေးပေါ်အသုံးပြုခွင့် ပေးထားတာမျိုးလောက်ပဲ ရှိပါတယ်။ တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ဆော်ဒီ စတဲ့ နိုင်ငံတွေနဲ့ တခြားနိုင်ငံလေးတွေမှာ စမ်းသပ်သုံးစွဲဆဲအဆင့်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အလားတူ
Remdesivir ထိုးဆေးကို သုံးပါတယ်။
WHOကတော့ Chloroquineအုပ်စု၊ Remdesivir၊ Favipiravir အပါအဝင် ဗိုင်းရပ်စ်ဆေး အုပ်စု၊ ခုခံအားထိန်းညှိပေးတဲ့ ဆေးတွေ၊
သွေးရည်ကြည်ကုထုံး စတာတွေကို ကိုဗစ်ကုသ၊ ကာကွယ်ရေးမှာ သုံးဖို့ တိုက်တွန်းထားခြင်း မရှိပါဘူး။ နိုင်ငံအလိုက် ကောင်းနိုးရာရာ ကုထုံးတွေကိုသာ စမ်းသပ်ကုသပေးနေတာ ဖြစ်ပါတယ်။ သက်သာသွားတဲ့သူတွေလည်း ရှိပါတယ်။ ဆေးပညာအရ ကျယ်ကျယ်ပြန့်ပြန့် မစမ်းသပ်နိုင်လို့ တိတိကျကျသက်သေပြလို့ မရတာမျိုးပါပဲ။
Favipiravirနဲ့ ကောင်းကျိုး ဆိုးကျိုး
လက်ရှိမှာတော့ စမ်းသပ်ဆဲ နိုင်ငံတွေက Favipiravirကို မပြင်းထန်နဲ့ အတန်အသင့်ပြင်းထန် ကိုဗစ်မှာ သုံးတာ တွေ့ရပါတယ်။ Favipiravirက ဗိုင်းရပ်စ်ပွားတာကို တားမြစ်ပေးတာပဲ ဖြစ်ပြီး ဗိုင်းရပ်စ်ကို သေစေတာတော့ မဟုတ်ပါဘူး။ ပိုးစစဝင်ခြင်းမှာ ပေးမယ်ဆိုရင် ဗိုင်းရပ်စ်မပွားအောင် တားနိုင်လို့ ရောဂါမပြင်းထန်အောင်၊ မြန်မြန်သက်သာလာအောင် လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဗိုင်းရပ်စ်ကောင်ရေ နည်းသွားတဲ့အတွက် သူများကို ကူးနိုင်တာလည်း နည်းသွားနိုင်ပါတယ်။
ကုသဆေးအနေနဲ့ပဲ သုံးပြီး ကာကွယ်ဆေးအနေနဲ့တော့ မသုံးကြပါဘူး။ သောက်ဆေးဖြစ်တဲ့အတွက် မပြင်းထန်တဲ့ လူနာတွေကို အိမ်မှာပဲထားတဲ့ နိုင်ငံတွေမှာဆိုရင် လူနာကို ကုသရတာ ပိုအဆင်ပြေပါတယ်။ အခြေအနေဆိုးတဲ့ လူနာတွေမျာလည်း မသုံးကြပါဘူး။
ဆိုးကျိုးအနေနဲ့ကတော့ လူနာတွေမှာ သွေးတွင်းယူရစ်အက်စစ်ဓာတ်ကို တက်စေပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သုံးလို့မရပါဘူး။ နှလုံးလည်း ထိနိုင်ပါတယ်။ တချို့ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။
သောက်ဆေးဆိုပေမယ့် သောက်ရတဲ့ ပမာဏက များပါတယ်။ လက်ရှိမှာဆိုရင် ပထမရက်မှာ ၁၈၀၀ မီလီဂရမ် ၂ကြိမ်၊ ဒုတိယရက်ကစပြီး ၁၄ရက်ပြည့်တဲ့အထိ ၈၀၀ မီလီဂရမ် ၂ကြိမ်တိုက်ကြပါတယ်။ နိုင်ငံပေါ်လိုက်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီနှုန်းအတိုင်းဆိုရင် ၂၀၀မီလီဂရမ်ဆေးပဲ ရှိနေသေးတာကြောင့် ပထမတစ်ရက်မှာတင် ၁၈လုံး၊ နောက်ရက်တွေမှာ ၈လုံး သောက်ရမှာပါ။
Favipiravirနဲ့ ပတ်သက်ပြီး ပျော်ရမှာလား။
လက်ရှိအချိန်ထိတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ကုသဆေးရယ်လို့ မရှိသေးပါဘူး။ အားလုံးက ကောင်းနိုးရာရာလေးတွေ မရှိသုံးလေး သုံးနေကြရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဆေးတွေက သမားကိုင်ဆေးတွေပါ။ ဆေးဆိုင်မှာဝယ်ရင်တောင် ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရမယ့် ဆေးပါ။
မတော်တဆများ ဝယ်လို့ရခဲ့ရင်တောင် ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ကိုဗစ်လို့ ကိုယ့်ကိုယ်ကို သံသယရှိရင်တောင် ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ ကြိုသောက်ထားလို့လည်း ရောဂါကို မကာကွယ်နိုင်ပါဘူး။ ကောင်းကျိုး၊ ဆိုးကျိုး၊ ရောဂါအခံ၊ သောက်လက်စဆေး စတာတွေ ချိန်ဆပြီးမှ သောက်ရမယ့် ဆေးဖြစ်လို့ပါ။
ဆရာဝန် ညွှန်ကြားချက်နဲ့မှ သောက်ဖို့ အကြံပြုလိုပါတယ်။