ချောင်းသာကမ်းခြေတွင် အထောက်အထားမဲ့ ဝင်လာသူ ၇ ဦးနှင့် လိုက်ပို့သူ ၅ ဦးဖမ်းမိ
DVB
·
January 4, 2021
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၇ ဦး ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာလို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက DVB ကို ပြောပါတယ်။
“နယ်မြေခံတပ်တွေ ရဲတွေနဲ့ ကျနော်တို့အဖွဲ့တွေ ပူးပေါင်းပြီး ပင်လယ်ပြင်မှာ မနက် ၁ နာရီလောက်မှာ ထိန်းသိမ်းနိုင်ခဲ့တာပါ၊ ခုတော့ စခန်းမှာ ခေါ်ထားပါတယ်။ လိုက်ပို့တဲ့ လူ ၅ ဦးကိုတော့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လူတွေကို နယ်မြေရဲစခန်းမှာ ထားပြီး ဆက်လက်တင်ပြထားသလို အစားအစာတွေနဲ့ အဝတ်အစားတွေကိုလည်း ထောက်ပံ့ပေးထားကာ လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကို တည်ဆဲဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ရလဒ်အပေါ်မှာ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေကို ဖမ်းဆီးရမိတာဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)