အန်အယ်လ်ဒီ နှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံပွဲ ပျက်ပြယ်
DVB
·
January 4, 2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွတ်ရေးပါတီတို့ ဒီနေ့ပြုလုပ်မယ့် တွေ့ဆုံပွဲကို နှစ်ဖက်နေရာညှိနှိုင်းရာ အဆင်မပြေတာကြောင့် ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။
ပါတီနှစ်ခု ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီမှာ တွေ့ဆုံဖို့ အကြမ်းဖျင်း သဘောတူထားတာလည်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မော်လမြိုင်မြို့ရှိ ပြည်နယ် အန်အယ်လ်ဒီရုံးမှာ တွေ့ဆုံသွားဖို့ ကမ်းလှမ်းခဲ့ပြီး မွန်ညီညွတ်ရေးပါတီကတော့ ပါတီရုံးမဟုတ်ဘဲ တတိယနေရာ တစ်ခုမှာ တွေ့ဖို့ ထပ်မံကမ်းလှမ်းထားတာပါ။
ဒါကြောင့် နှစ်ဖက်ပါတီ တွေ့ဆုံမယ့်နေရာ ညှိနှိုင်းမှု အဆင်မပြေတဲ့အတွက်ကြောင့် တွေ့ဆုံပွဲ ပျက်ပြယ်သွားတာ ဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက “ကျနော်တို့ပါတီက အဖွဲ့အစည်းတွေရဲ့ သဘောသဘာဝနဲ့ လုပ်ရိုးလုပ်စဉ်အရ တတိယနေရာမှာ တွေ့ဖို့ မေတ္တာရပ်ခံတယ်။ ဒါကတော့ တဖက်သတ် မကျဘူးလို့ ထင်တယ်” လို့ ပြောပါတယ်။
ဒ့ါအပြင် မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဖို့အတွက် ပါတီကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ ရွေးချယ်ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညိုက “သူတို့ဘက်(မွန်ညီညွတ်ရေးပါတီ) က အန်အယ်လ်ဒီ ပြည်နယ်ရုံးမှာ မတွေ့နိုင်ဘူး၊ ကြားနေရာမှာ တွေ့ဖို့ ပြောတယ်။ ကျနော်တို့ကတော့ CEC ညွှန်ကြားချက်အတိုင်း ရုံးမှာပဲ တွေ့ဖို့ ပြောတယ်။ ကျနော်တို့ မနက် ၁၀ နာရီအထိ ရုံးမှာ စောင့်တယ်၊ သူတိုမလာဘူး” လို့ ပြောပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ မွန်ညီညွတ်ရေးပါတီနဲ့ အန်အယ်လ်ဒီ ပါတီတို့ ထပ်တွေ့ မတွေ့ကိုတော့ ပါတီရဲ့ CEC အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ဒေါက်တာအောင်မိုးညိုက ဆိုပါတယ်။