သမ္မတ စာနယ်ဇင်းကောင်စီကို ငွေလှူ
DVB
·
September 4, 2013
မီဒီယာ ဥပဒေတရပ်ပေါ်ထွက်လာစေရေး အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) အတွက် ကျပ်သိန်းငါးရာ အလှူငွေကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေး က ကောင်စီရုံးခန်းမှာ လာရောက်ပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ တစ်နှစ်တာ ကာလအတွင်း ပထဆုံး အနေနဲ့ သမ္မတရဲ့ အထောက်အပံ့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အရင်က ကောင်စီအတွက် လိုအပ်ချက် အသုံစရိတ်တွေ ဖြစ်တဲ့ ရုံးခန်းဌားတာ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ အထွေထွေ ကုန်ကျစရိတ်တွေကို အဖွဲ့ဝင်တွေရဲ့ ထည်ဝင်ငွေတွေနဲ့ စိုက်ထုတ် သုံးစွဲခဲ့ရတာပါ။
[caption id="attachment_30878" align="alignright" width="300" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption]ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူတွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ပြီး ကောင်စီကို အခုလို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အခုလို လှူဒါန်းလိုက်တဲ့ငွေကြေးကို ကောင်စီက လက်ခံလိုက်တဲ့ အပေါ် ကောင်စီရဲ့ လွတ်လပ်စွာ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ဝေဖန်သံအချို့ ထွက်ပေါ်ခဲ့ ပါတယ်။
ဒီလိုဝေဖန်မှုတွေအပေါ် စာနယ်ဇင်းကောင်စီ (ယာယီ)က ဦးကျော်မင်းဆွေကတော့ သဘောထား ကွဲလွဲတာကို လက်ခံသလို လုပ်ရပ်နဲ့ တိုင်းတာဖို့ လိုတယ်လို့ပြောပါတယ်။
ဦးကျော်မင်းဆွေက “ကျနော်တို့ စာနယ်ဇင်းကောင်စီက အရင်က ဘာလုပ်ခဲ့သလဲ ရှေ့လျှောက် ဘာလုပ်မလဲဆိုတာကို ကြည့်ပြီးတော့မှ ဆုံးဖြတ်တာ လုပ်ရပ်နဲ့ တိုင်းတာတာ အကောင်းဆုံးလို့ ကျနော်ကတော့ ယူဆပါတယ်၊ နောက်တခါ အစိုးရက ပေးတယ်ဆိုတာ သမ္မတရုံးက ပေးတယ်ဆိုတာ သမ္မတက လှူဒါန်းတယ်ဆိုတာ သမ္မတ ကိုယ်ပိုင်ငွေလဲမဟုတ်ပါဘူး၊ အစိုးရ ကိုယ်ပိုင်ငွေလည်း မဟုတ်ပါဘူး၊ အစိုးရ ဘတ်ဂျက်ဆိုတာ ပြည်သူ့ အကျိုး နိုင်ငံအကျိုး မီဒီယာ အကျိုးလုပ်နေတဲ့ လူပုဂ္ဂိုလ်တယောက်က ယူတာ မဟုတ်တဲ့ အပြင် အဖွဲ့အစည်း တခုက ပြည်သူ့ ဘဏ္ဍာ သုံးတာ ဘာမှ ပြဿနာ မရှိပါဘူး၊ အဓိက အရေးကြီးတာကတော့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ရပ်နဲ့ အကဲဖြတ် တိုင်းတာတာ ကောင်းမယ်ထင်ပါတယ်” လို့ပြောပါတယ်။
“တခုခု အကြောင်းတစုံတရာ ရှိလို့ရှိရင် ဒီမိုကရေစီသဘောအရ သဘောတူတာ မတူတာကို ကျနော်တို့ လေးလေး နက်နက် နားလည် သဘောပေါက်ပါတယ်၊ အရေးကြီးတာကတော့ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ကျနော်တို့က ဘယ်သူကိုပဲ ဖြစ်ဖြစ် လက်တွေ့လုပ်ရပ်နဲ့ပဲ ကျနော်တို့ တိုင်းတာ အကဲဖြတ်တာ အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ကတော့ ထပ်လောင်းပြီး ပြောပါရစေ” လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ဟာ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပုံနှိပ်နဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းအပါအဝင် မီဒီယာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
မီဒီယာ ဥပဒေကြမ်း သဘောထား ကွဲလွဲချက်တွေကို ၂ ဖက်စလုံးက ညိနှိုင်းဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရရှိခဲ့သလို သဘောမတူတဲ့ အချက်တွေကိုတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားဖို့ ရှိနေပါတယ်။
အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။