အထောက်အထားမဲ့ လူ ၁၃ ဦးအား လိုက်ပို့ပေးမှုဖြင့် ပုသိမ်က ဘုန်းကြီးကျောင်းကို ချိပ်ပိတ်
DVB
·
January 4, 2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းမိခဲ့တဲ့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၃ ဦးကို လိုက်ပို့ပေးတဲ့ ပုသိမ်မြို့က ဘုန်းကြီးကျောင်းကို ချိပ်ပိတ်ထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ပြည်မြို့မှာ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့တွေကို လိုက်ပို့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းသံဃာ့နာယကထံတင်ပြပြီး ခုလိုချိပ်ပိတ်ခဲ့တာလို့ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။
“သံဃာတော်ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ တိုင်းသံဃာ့နာယက အဖွဲ့ကို တင်ပြခဲ့တယ်။ အဲ့တော့ အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ချက်ကျတာကတော့ ကျောင်းကို ချိပ်ပိတ်ဖို့ ဆုံးဖြတ်တယ် သိရပါတယ်” လို့ ပြောပါတယ်။
တိုင်းသံဃာ့နာယကရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အထောက်အထားမဲ့တွေကို လိုက်ပို့ရင်း ဖမ်းမိခဲ့တဲ့ ဘုန်းကြီးသတင်းသုံးတဲ့ကျောင်းကို ထွေအုပ်နဲ့ တိုင်းသံဃာနာယကရုံးက တာဝန်ရှိသူတွေ သွားရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ နောက်ဆုံးပတ်ကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘုန်းကြီး နေထိုင်တဲ့ ကျောင်းကို ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
အထောက်အထားမဲ့ ၁၃ ဦးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ ပုသိမ်မြို့က ကျောင်းတိုင်ဘုန်းကြီးနဲ့ ကားမောင်းသူကို ပြည်မြို့က ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေးအတွက် နှစ်ဘက် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)