အိန္ဒိယတွင် မီးသင်္ဂြိုဟ်စက်အမိုး ပြိုကျမှုကြောင့် ၁၇ ဦး သေဆုံး
DVB
·
January 4, 2021
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဂါဇီယာဘဒ်ခရိုင်မှာ ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက မိုးကြီး သဲသဲမဲမဲ ရွာချချိန်မှာ မီးသင်္ဂြိုဟ်စက်အမိုး ပြိုကျခဲ့လို့ ဈာပနပွဲ လာတက်ရင်း မိုးခိုနေတဲ့ လူ ၁၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
အမိုးပြိုကျချိန်က မီးသင်္ဂြိုဟ်စက်မှာ လာမိုးခိုနေသူ ၄၀ လောက်ရှိပြီး သူတို့ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ကြတယ်လို့ ခရိုင်ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက အနံ့ခံခွေးတွေကို သုံးပြီး ရှင်သန်ကျန်ရစ်သူတွေကို ရှာဖွေကာ အနားက ဆေးရုံတွေဆီ အမြန်တင်ပို့ခဲ့ရတယ်။ တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အကြီးတန်း ရဲအရာရှိတယောက်က “ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးပြီ။ ပြိုကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေက စီစဉ်နေပါတယ်” လို့လည်း ပြောပါတယ်။