ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား ပြေးဆွဲပေးမည်
DVB
·
September 4, 2013
မြန်မာ့မီးရထားလုပ်ငန်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ ရန်ကုန်မြို့ကို လေအေး စက်တပ်ဆင်ထားတဲ့ အထူးအမြန်ရထားတွေ မကြာခင် စတင်ပြေးဆွဲပေးဖို့ ရှိနေပါတယ်။
မွန်ပြည်နယ်က ကျိုက်ထီးရိုးဘုရားကို သွားရောက်လိုတဲ့ ဘုရားဖူးခရီးသည်တွေနဲ့ နိုင်ငံခြားသားတွေအတွက် အဆင်ပြေအောင် အခုလို အထူးအမြန်ရထားကို ပြေးဆွဲပေးမှာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွက် ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ မီးရထားတွဲဟောင်းကို အသုံးပြုမှာလို့ မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။
ရန်ကုန်ကနေ ကျိုက်ထို၊ ကျိုက်ထိုကနေ ရန်ကုန် ပြေးဆွဲပေးမယ့် ဒီခရီးစဉ်က တပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပြေးဆွဲမှာပါ။ စနေနေ့တိုင်း ရန်ကုန်နေ ကျိုက်ထိုမြို့ကို ခရီးစဉ်စတင်ပြေးဆွဲမှာဖြစ်ပြီး ကျိုက်ထိုကနေ ရန်ကုန်ကိုတော့ တနင်္ဂနွေ နေ့တိုင်း ပြေးဆွဲပေးမှာလို့ သိရပါတယ်။
အခုလ ၇ ရက်နေ့ကနေ စတင်မယ့် ဒီခရီးစဉ်မှာ ခရီးစဉ်တကြောင်းစာအတွက် လက်မှတ်တစ်စောင် ၃၅၀၀ ကျပ် ကျမှာဖြစ် ပြီးတော့ နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကျသင့်မှာပါ။ စီးနင်းတဲ့ခရီးသည်တွေပြန်ရမယ့် ဝန်ဆောင်မှု ကတော့ လေအေးပေးစနစ် ပါမှာဖြစ်ပြီးတော့ စီးနင်းချိန် လေးနာရီခွဲလောက်သာကြာမြင့်မှာပါ။
ဒီခရီးစဉ်အတွင်းမှာ ပဲခူး၊ ဝေါနဲ့ သိမ်ဇရပ်ဘူတာတွေမှာ ခဏရပ်နားမှာပါ။
ဒါ့အပြင် ကျိုက်ထိုမြို့ကနေ ကျိုက်ထီးရိုးဘုရားဆက်ဖူးချင်တဲ့သူတွေအတွက် မြန်မာ့မီးရထားက ဘုရားတောင်ခြေက ကင်ပွန်းစခန်းအထိ ကားတွေနဲ့သွားနိုင်အောင်လည်း ကျိုက်ထိုမော်တော်ယာဉ်အသင်းနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ တစ်ပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်သာ ပြေးဆွဲပေးနိုင်ပေမယ့် နောက်ပိုင်းမှာ ရက်တွေကိုထပ်တိုး ပြီး စီစဉ်ပေးမယ်လို့ ဦးထွန်းအောင်သင်းကပြေါပါတယ်။
လက်မှတ်တွေကို တပတ်ကြိုတင်စနစ်နဲ့ဝယ်ယူနိုင်ပြီး ဝယ်ယူတဲ့အခါတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ မရှိခဲ့ရင် ရဲစခန်းထောက်ခံစာ၊ နိုင်ငံခြားသားဆိုရင် နိုင်ငံကူးလက်မှတ်ပြပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့မီးရထားက အခုလို ပွင့်လင်းရာသီမှာ အသွားများကြတဲ့ ဒီကျိုက်ထီးရိုးဘက်ကို အထူးအမြန်ရထားပြေးဆွဲပေးတာကြောင့် ရာသီချိန်တွေမှာ ကားလိုင်းတွေကို ဈေးကြီးပေးသွားရတဲ့ ပြဿနာကို အနည်းငယ်လောက်တော့ အကာအကွယ် ပေးနိုင်မယ်လို့ မွန်ပြည်နယ်ဘုရားဖူးခရီးသွားဖူးသူ တချို့က ဆိုကြပါတယ်။
အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။