မလေးကပြန်မည့် မြန်မာများအတွက် လေယာဉ်တစီးစာ သီတဂူ လှူမည်
DVB
·
September 4, 2013
သီတဂူဆရာတော်ကြီးက မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ အလုပ်သမားတွေအတွက် အပြန်ခရီးစဉ်ကို စီစဉ်ပေးသွားဖို့ ရှိနေပါတယ်။
မလေးရှားအစိုးရက သူတို့နိုင်ငံမှာ တရားမဝင်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို စ တင်ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်လောက်မှာ မြန်မာနိုင်ငံပြန်လာလိုတဲ့ အလုပ်သမားတွေရဲ့ အပြန်ခရီးစဉ်တွေကို သီတဂူဆရာတော်ကြီးက အခမဲ့စီစဉ်ပေးမှာပါ။
လက်ရှိမှာတော့ ဆရာတော်ကြီးဟာ အလှူငွေအမေရိကန် ဒေါ်လာ ၁၂၈၀၀၀ လောက် လက်ခံရထားပြီး ရရှိလာတဲ့အလှူငွေတွေနဲ့ အခုလ ၁၃ ရက်မှာ လူ ၁၇၀ ကျော်စီးနင်းနိုင်တဲ့ လေယာဉ် ၁ စီးစာကို လှူဒါန်းသွားမယ်လို့ ဒီနေ့ထုတ် နေ့စဉ်သတင်းစာတချို့မှာ ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံက မြန်မာသံရုံးနဲ့နီးစပ်တဲ့ ကိုသီဟက “သီတဂူဆရာတော် စီစဉ်ပေးတယ်။ ၁၃ ရက်နေ့ကို လေယာဉ်တစီးစာပေါ့။ အခု ကျနော် လူတွေစုနေတယ်။ ဒီနေ့တော့ အယောက် ၁၂၀ ကို ခေါ်ပြီး ဖောင်ဖြည့်ပြီးတော့ မနက်ဖြန် လဝကကို သွားမယ်။ ဆရာတော်က ဗမာပြည်မှာရှိတဲ့ အလှူရှင်တွေအပေါ် မူတည်ပြီး ဆက်ပြီး လုပ်ပေးဖို့ ရှိပါတယ်။ လေယာဉ်တွေ စီစဉ်ပေးဖို့က ဆရာတော်ရဲ့ ခွင့်ပြုချက်ပေါ်မူတည်ပြီး ကျနော်တို့ ထပ်လုပ်ရမှာပေါ့” လို့ ပြောပါတယ်။
ပြည်တွင်းအခြေစိုက် Air KBZ လေကြောင်းလိုင်းနဲ့ အမ်အေအိုင်လေ ကြောင်းလိုင်းတို့ကလည်း အခမဲ့လေယာဉ်စီးနင်းလိုက်ပါခွင့်နဲ့ လေယာဉ်လက်မှတ်တွေကို အထူးနှုန်းနဲ့ လျှော့ရာင်းပေးသွားမယ်လို့ သိရပါတယ်။
အမ်အေအိုင်လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူ ဒေါ်အေးမရသာက “ကမ္ဘောဇဘဏ်နဲ့ ပူးပေါင်းပြီး လှူဒါန်းမှုတွေ လုပ်ပေးသွားမှာပါ။ နောက် ဈေးနှုန်းတွေလည်း လျှော့ပေးမှာပါ။ လိုအပ်ရင် လိုအပ်သလိုလည်း အစ်မတို့ ပူးပေါင်းပြီး အခမဲ့ လုပ်ပေးသွားမှာပါ။”
မလေးရှားမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ အခုလ ၁ ရက်နေ့ ၁ ရက်တည်း ၅၅၀ ကျော် အဖမ်းခံခဲ့ရပါတယ်။