ချောက်တွင် Gold Petrol ရေနံကုမ္ပဏီက ဝန်ထမ်း ၁၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
January 4, 2021
မကွေးတိုင်း၊ ချောက်မြို့မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူပူးပေါင်း လုပ်ကိုင်နေတဲ့ Gold Petrol ကုမ္ပဏီက ဝန်ထမ်း ၁၄ ဦးမှာ ဒီဇင်ဘာ ၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက “GP ကုမ္ပဏီက ယာဥ်မောင်းက အနံ့ပျောက်လို့ ညနေပိုင်းမှာ စစ်ဆေးလိုက်တာ။ ပိုးတွေ့တော့ သူနဲ့အဆက် ရေနံမြေထဲက တွင်းတူးစက်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်း ၃၄ ဦးကို ညပိုင်းမှာ ထပ်စစ်လိုက်တော့ ၁၃ ဦး ထပ်ပြီးပိုးတွေ့တာ၊ အားလုံး ၁၄ ဦးပါ” လို့ ပြောပါတယ်။
ပိုးတွေ့သူတွေကို အမှတ် ၁၀ မဟာစည်ရိပ်သာ Positive Center ကို ပြောင်းရွှေ့ထားပြီး ထိစပ်သူတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ချောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူပေါင်း ၁၀၂ ဦးအထိရှိနေပြီဖြစ်ပြီး Positive Center မှာ ၂၄ ဦးသာကျန်ရှိတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)