ရွှေလီရေကာတာဖောက်ချ၊ ပြောင်းနှင့်စပါးစိုက်ခင်းများ ပျက်စီး
DVB
·
September 4, 2013
တရုတ်နိုင်ငံထဲက ရွှေလီရေကာတာ ဖောက်ချလိုက်တာကြောင့် ရှမ်းပြည်မြောက်ပိုင်း ရွှေလီ မြစ်ကမ်းတလျှောက်မှာရှိတဲ့ သီးနှံစိုက်ခင်းတွေ ရေလွှမ်းခံရပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလယ်လောက်က မိုးဆက်တိုက်ရွာသွန်းပြီး တရုတ်ပြည်ဘက်က ရေကာတာဖောက်ချလို့ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အုပ်စုထဲက ပန်ခမ်း၊ ပိန်းလုံ၊ နောင်ယန်း၊ တာဇန့် စတဲ့ ရွာသားပိုင် ပြောင်းစိုက်ခင်းနဲ့ စပါးခင်း ဧကပေါင်း ၂၀ ကျော် ပျက်စီးကြောင်း ရွာသားတွေက သူတို့ပါတီကို လာရောက်တိုင်တန်းထားတယ်လို့ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်း ငွေငွေက ဒီဗွီဘီကို ပြောပါတယ်။
နောက်နောင် ရေတံခါးဖွင့်မယ်ဆိုရင် သူတို့အနေနဲ့၊ ဆွတ်ခူးလို့ရတဲ့ သီးနှံတွေ အလျင်မီသိမ်းနိုင်အောင်၊ ကြိုတင်ပြင်ဆင်ချိန်ရအောင် ၂ နိုင်ငံ တာဝန်ရှိသူတွေ ချိတ်ဆက်ပြီး သူတို့ကို ကြိုတင်အကြောင်းကြားစေလိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။
ကျားဖြူပါတီအနေနဲ့ သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်ပေးနိုင်အောင် နေပြည်တော်အစိုးရဆီ ဒီတပတ်ထဲ စာတင်ပေးမယ်၊ ရွှေလီမြစ်ပေါ်မှာ ရေကာတာ တည် ဆောက်ခြင်းကြောင့် အကျိုးအပြစ်တွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ဖို့ကိုလည်း တင်ပြသွား မယ်လို့ ဒေါ်နန်းငွေငွေက ဒီဗွီဘီကို ပြောပါတယ်။