ကိုဗစ်-၁၉ လူနာသစ် ၇၂၉ ဦး၊ သေဆုံးသူ ၁၇ ဦးထပ်တိုး
DVB
·
January 3, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၇၂၉ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၇ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၇ ယောက်ထဲမှာ ၁၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇,၆၆၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၇၂၉ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၈၈၈ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၃၆ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၃၅၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၅၉၈ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၆,၃၄၅ ယောက်၊ သေဆုံးသူ ၂,၇၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၉,၅၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၈ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၆၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပုံစာ - ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင် (ICU)