ဗြိတိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ် ထိုင်းနိုင်ငံတွင် တွေ့ရှိ

972
ဗြိတိန်နိုင်ငံထဲမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ထိုင်းနိုင်ငံထဲမှာ တွေ့ထားပြီလို့ ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ်က ဗိုင်းရပ်စ်ပိုးမွှားဗေဒပညာရှင် ဒေါက်တာယောင်ပူးဗွိုရာဝမ်က ဇန်နဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ချူလာလောင်ကောင်တက္ကသိုလ် ဆေးပညာဌာန လက်တွေ့ အသုံးချ ဗိုင်းရပ်စ်ပိုးမွှား ဌာနဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို စစ်ဆေး လေ့လာခဲ့အပြီး B.1.1.7 မူကွဲလို့ သိကြတဲ့ ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်နေခဲ့တယ်လို့ ဒေါက်တာယောင်က ဇန်နဝါရီ ၃ ရက်မှာ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ ဒီသတင်းကို တင်ပြခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် ကန့်ဖြို့က လာတဲ့ လူ ၄ ယောက်ပါတဲ့ မိသားစုကနေ ကူးစက်ခဲ့တာပါ။
သူတို့ဆီကနေ ဗိုင်းရပ်စ် မကူးစက်ရအောင် အစိုးရရောဂါခြေချုပ် ဟိုတယ်ကွာရန်တင်းနဲ့ သီးခြားခွဲထားပါတယ်။
ဒီဗိုင်းရပ်စ် မူကွဲဟာ ပိုလွယ်လွယ်ကူးစက်နိုင်ပြီး ဒီမိသားစုထဲမှာ ချက်ချင်း ကူးစက်ခဲ့တယ်။ မိသားစုဝင်အားလုံး ကူးစက်ခံထားရတယ်လို့ ထိုင်းအခြေစိုက် သနေးရှင်းသတင်းဌာနက ဖော်ပြပါတယ်။
ဆေးဘက်ဝန်ဆောင်မှုဌာနကတော့ ပြည်လုံးကျွတ် ကိုဗစ်-၁၉ လူနာတွေကို ကုသပေးဖို့ ဆေးရုံခုတင် ၂၂,၆၉၀ ကျော်ကို အသင့်ပြင်ထားပြီလို့ ဇန်နဝါရီ ၂ ရက်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာ ၅၀ ကျော်စီရှိတဲ့ ဘန်ကောက်၊ စမွတ်စာခွန်နဲ့ ကျန်တဲ့ အနီရောင်ဇုန်ထဲက ပြည်နယ်တွေအတွက် ခုတင် ၂၇၇၈ ခု အဆင်သင့် ထားထားတယ်လို့ ဒုညွှန်ချုပ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီထိ အတည်ပြုချက်အရ ကူးစက်ခံ ၇,၆၉၄ ယောက် ရှိပြီး ကူးစက်ခံ ၆၄ ယောက် သေဆုံးထားပါတယ်။