ပဲခူးတိုင်းဝန်ကြီးချုပ်ကို ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်
DVB
·
January 3, 2021
ဗိုလ်ချုပ်ပုံပါ ၅၀၀ တန်ကို ကလေးတွေအား ပေးခဲ့တဲ့အပေါ် ငွေပေး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဝန်ကြီးချုပ်ကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲကော်မရှင်ဆီ ကန့်ကွက်လွှာတင်သွင်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလတခုဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ညနေ ၄ နာရီခွဲလောက်က ရေတာရှည်မြို့နယ်၊ နက်တောင်ကျေးရွာအုပ်စု၊ အင်ကျင်းမြိုင်ကျေးရွာက ပြည်သူတွေကို ပဲခူးတိုင်းဝန်ကြီးချုပ်ကနေ ငွေပေးပြီး စည်ရုံးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကနေတဆင့် တင်သွင်းထားတယ်လို့ ရေတာရှည်မြို့နယ်မဲဆန္ဒနယ် မြေအမှတ် ၂ မှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ထွန်းက ပြောပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကတော့ အဲဒီနေ့က ရေတာရှည်မြို့နယ် အင်ကျင်းမြိုင်ရွာကို ရွေးကောက်ပွဲ ခရီးစဉ်အနေနဲ့သွားခဲ့တာမဟုတ်ဘဲ ကုန်ထုတ်လမ်းတခုကို သွားကြည့်ရင်းနဲ့ ပြည်သူတွေက ကြိုဆိုကြတာလို့ ပြောပါတယ်။
“အဲဒီအထဲမှာ ပါလာတဲ့ ကလေးတွေကို ဗိုလ်ချုပ်ပုံပါတဲ့ ၅၀၀ တန်လေးတွေ အမှတ်တရပေးတာပါ၊ အဲဒီထဲမှာမှ လူလတ်ပိုင်းတွေလည်း ရောပါသွားခဲ့တာ။ အခုလို ငွေ ၅၀၀ ပေးပြီး မဲဆွယ်စည်းရုံးတယ်ဆိုပြီး ပြောတာကတော့ ရယ်စရာတောာင် ဖြစ်နေတယ်။”
အခုလို ငွေပေးပြီး မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက အဲဒီကိုယ်စားလှယ်လောင်းကနေ မြို့လှနယ်မြေရဲစခန်းမှာလည်း နိုဝင်ဘာ ၂၂ ရက်နေ့က တိုင်ကြားထားခဲ့ပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဝင်းက “စွပ်စွဲတဲ့အပေါ် မှန်ကန်အောင် တင်ပြနိုင်ရင်တော့ တမျိုးပေါ့။ မှန်ကန်အောင် မတင်ပြနိုင်ရင်တော့ တရာ;စွဲခံရမယ်။ သူ့ကို ပြန်တိုင်ထားတာ ရှိတယ်” လို့ ပြောပါတယ်။
နှစ်ဖက်အပြန် အလှန်တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အဆင့်ဖြစ်နေတဲ့အတွက် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်ကို တင်ပြထားပြီး ညွှန်ကြားချက် ပြန်ကျလာရင်တော့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ မြို့လှရဲစခန်းမှူးက ပြောပါတယ်။
သတင်း - အောင်စိုးမိုး