ဦး​ဥတ္တမ​နေ့​ အကြိုအခမ်း​အနား​ ကျင်း​ပ

၇၄ နှစ်​မြောက် ဆရာ​တော် ဦး​ဥတ္တမ​နေ့​ အကြို အခမ်း​အနား​ကို ရခိုင်ပြည်နယ် ​မောင်​တောမြို့​မှာ ပထမဆုံး​အကြိမ် ကျင်း​ပခဲ့​ကြပါတယ်။ စက်တင်ဘာလ ၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၇၄ နှစ်​မြောက် ဆရာ​တော် ဦး​ဥတ္တမ​နေ့​ အကြို​ဟော​ပြောပွဲနဲ့​ ​အောက်​မေ့​ဂုဏ်ပြု အခမ်း​အနား​ကို စက်တင်ဘာလ ၃ ရက်​နေ့​က ရခိုင်ပြည်နယ် ​မောင်​တောမြို့​နယ် ​မြောင်ပိုင်း​ နံ့​သာ​တောင်​ကျေး​ရွာမှာ ပထမဆုံး​အကြိမ် ကျင်း​ပ​နေတာလို့​ ဦး​ဆောင်သံဃာက မိန့်​ပါတယ်။ နံ့သာ​တောင် ပရဟိတ ​ကျောင်း​အုပ် ဦး​စရဏက “ဒီ​နေ့​ရာ၊​ ဒီ​ဒေသ အလွန်တရာမှ ​ဝေး​လံ​ခေါင်း​ပါး​ပြီး​တော့​ အဘက်ဘက်မှ လူမှု​ရေး​၊​ စီး​ပွား​ရေး​၊​ ပညာ​ရေး​ အဘက်ဘက်မှ နိမ့်​ကျ​နေတဲ့​ အတွက်​ကြောင့်​ ဘုန်း​ဘုန်း​တို့​ ဆရာ​တော် ဦး​ဥတ္တမပွဲကို ဒီဘက် ဒီ​ဒေသမှာ တခါမှ မကျင်း​ပရတဲ့​အတွက် ဒီဘက်​ဒေသခံ​တွေ​ရော၊​ အနာဂတ် မျိုး​ဆက်သစ် လူငယ်​လေး​တွေပါ ဒီအာရှ​နေဝန်း​ ဆရာ​တော် ဦး​ဥတ္တမအ​ကြောင်း​ကို သိချင်အား​ကြီး​လို့​ ဘုန်း​ဘုန်း​တို့​က ကျင်း​ပရခြင်း​ဖြစ်ပါတယ်။ အမှန်က​တော့​ ဘုန်း​ဘုန်း​တို့​ ဆရာ​တော် ဦး​ဥတ္တမ​နေ့​ကို စက်တင်ဘာ ၉ ရက်​နေ့​မှာ ကျင်း​ပရမှာဖြစ်ပါတယ်။ သို့​သော်လည်း​ ကြိုတင်ပြီး​ ကျင်း​ပရခြင်း​ အ​ကြောင်း​ရင်း​က​တော့​ ဆရာ​တော် ဦး​ဥတ္တမရဲ့​ အတ္ထုပ္ပတ္တိကို ​ဟော​ပြောနိုင်မယ့်​ စာ​ပေပညာရှင်​တွေမရတဲ့​ အတွက်နဲ့​ သူတို့​က စက်တင်ဘာ ၉ ရက်​နေ့​မှာ​တော့​ ပွဲလက်ခံ​တွေများ​တဲ့​အတွက် ဘုန်း​ဘုန်း​တို့​က စက်တင်ဘာ ၃ ရက်​နေ့​ ကြိုပြီး​တော့​ လုပ်ရခြင်း​ဖြစ်ပါတယ်။” နံ့​သာ​တောင် ​ကျေး​ရွာက အခမဲ့​ ပညာ​ရေး​ ပရဟိတ​ကျောင်း​မှာ ကျင်း​ပတဲ့​ အဲ့​ဒီအခမ်း​အနား​ကို သံဃာ​တော်​တွေ၊​ ​ဒေသခံ အစိုး​ရဝန်ထမ်း​တွေ၊​ ရပ်မိရပ်ဖ​တွေနဲ့​ ​ကျောင်း​သား​ကျောင်း​သူ​တွေ စုစု​ပေါင်း​ ၄၀၀ ​ကျော် တက်​ရောက်ခဲ့​ပြီး​ ဆရာ​တော် ဦး​ဥတ္တမကို ဂုဏ်ပြု​သောအား​ဖြင့်​ လွမ်း​သူပန်း​ခွေချခြင်း​၊​ အခမ်း​အနား​ တက်​ရောက်လာတဲ့​ ဆရာ​တော်ကြီး​ထံမှာ ငါး​ပါး​သီလခံမှု​တွေ ပြုလုပ်ပြီး​၊​ ဆရာ​တော်ကြီး​ရဲ့​ အတ္ထုပ္ပတ္တိကို ​ဟော​ပြောခဲ့​ကြပါတယ်။ ဆရာ​တော် ဦး​ဥတ္တမဟာ အင်္ဂလိပ်လက်​အောက် ကျ​ရောက်​နေတဲ့​ မြန်မာနိုင်ငံက ပြည်သူ​တွေကို လွတ်လပ်​ရေး​စိတ် နိုး​ကြား​ဖို့​ အမျိုး​သား​ရေး​ စိတ်ဓာတ်မြင့်​မား​ဖို့​ ​ရှေ့​ဆောင်လမ်း​ပြခဲ့​တဲ့​ သံဃာတပါး​ ဖြစ်ပါတယ်။ ဆရာ​တော်ဦး​ဥတ္တမ​နေ့​ကို စစ်အစိုး​ရလက်ထက်က ပြည်ပနိုင်ငံ​တွေမှာပဲ အခမ်း​အနား​တွေ ကျင်း​ပခဲ့​ရ​ပေမယ့်​ ၂၀၁၀ ခုနှစ် အစိုး​ရသစ် တက်လာပြီး​ ​နောက်ပိုင်း​ မြန်မာနိုင်ငံထဲက ရန်ကုန်နဲ့​ ရခိုင်ပြည်နယ်ထဲက မြို့​တချို့​မှာ ပြန်လည်ကျင်း​ပခွင့်​ရလာခဲ့​တာပါ။ ဒီနှစ် ၇၄ နှစ်​မြောက် အခမ်း​အနား​ကို​တော့​ ရခိုင်ပြည်နယ်အနှံ့​ ကျင်း​ပသွား​မှာဖြစ်ပြီး​ ရန်ကုန်မြို့​ MCC ခန်း​မမှာ ကျင်း​ပဖို့​ ရှိ​နေပါတယ်။

More News
Up