ယခုနှစ် ထိုင်းနိုင်ငံတွင် ရောင်းစားခံရသည့် မြန်မာ ၂၀၀ နီးပါး ကယ်ထုတ်နိုင်
နန်းမြနဒီ
·
September 4, 2013
ဒီနှစ်ထဲ ထိုင်းနိုင်ငံမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၀ နီးပါးကို ထိုင်း-မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့က ပြောပါတယ်။
ဒီနှစ်ထဲ ဇန်နဝါရီကနေ ဩဂုတ်အထိ ၈ လအတွင်း ရောင်းစားခံ မြန်မာအလုပ်သမားပေါင်း ၁၉၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ (MAT) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
ဒီအလုပ်သမားတွေကို လူကုန်ကူးမှု နှိမ်နင်းခြင်း အကြိမ်ပေါင်း ၃၄ ကြိမ်ထဲက ကယ် တင်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်တဲ့ ပွဲစားပေါင်း ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။
ဒါတောင်မှ သူတို့လက်လှမ်းမမီတဲ့ လူကုန်ကူးမှုတွေ အများကြီးရှိနေသေးကြောင်း၊ တချို့အမှုတွေမှာ လူကုန်ကူးခံရမှန်း အသေအချာပေမယ့် ဒေသခံထိုင်းရဲတွေရဲ့ ပူးပေါင်းဆာင် ရွက်မှု အားနည်းတာကြောင့် ကိုယ့်နိုင်ငံသားတွေကို မကယ်ထုတ်နိုင်ခဲ့ဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။
ဥပမာ ငါးဖမ်းလှေပေါ်မှာ မတရား နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ အလောင်းကို ကိုယ်တိုင်ရေထဲပစ်ချပေးခဲ့ရတဲ့ သက်သေအလုပ်သမား ၃ ဦးနဲ့ တရန်းခရိုင် ကတန်ရဲစခန်းမှာ သွားတင်ခဲ့ပေမယ့် ရဲစခန်းက လက်ရှောင်ခဲ့တယ်လို့ ဦးကျော်သောင်းက ဆက်ပြောပါတယ်။
“ဖယ်ကိုကာ လှေဆိပ်က ထိုင်းလူမျိုး ပဲ့နင်း ၂ ယောက်က ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်သား အသက် ၂၉ နှစ်အရွယ် ကိုစိုးနိုင်ဦးကို ဆေးလိပ်ခိုးသောက်တယ်ဆိုတဲ့အမှုနဲ့ သူတို့စီးထားတဲ့ ဖိနပ်နဲ့ မသေမချင်း ကန်ကျောက်လို့ အသည်းတွေ ကျေမွပြီး သေသွားတယ်။ အဲဒါကို ကျနော်တို့ သြဂုတ် ၂၆ ရက်နေ့က ကတန်ရဲစခန်းမှူးကို ပြောတယ်။ ဒီလူတွေဟာ မျက်မြင်သက်သေတွေနော်လို့ ပြောတော့ ရဲစခန်းမှူးက လူကုန်ကူးမှုကလည်း ဒီလောက်သက်သေဆိုတော့လို့ ပြောတယ်။ မဟုတ်ဘူး၊ ဒီဟာက ထိုင်းလူမျိုးက မြန်မာတယောက်ကို ရက်ရက်စက်စက် သတ်ထားတာ၊ အဲဒါကို ထိုင်းအစိုးရကိုလည်း စာနဲ့ပေနဲ့ တောင်းဆိုထားတယ်။”
ဒါ့အပြင် ငါးဖမ်းလှေပေါ်က သူတို့ကယ်တင်လာတဲ့သူတွေကို ရဲစခန်းရာက်ပြီးမှ ထိုင်းရဲနဲ့ လှေပိုင်ရှင် ပူးပေါင်းပြီး မလှိမ့်တပတ်နဲ့ ပြန်လွှတ်ပေးလိုက်တာ၊ ရောင်းစားခံရသူတွေကို အရက်တိုက်ပြီး ခံဝန်ချက် လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။
ဒါဟာ ထိုင်းနိုင်ငံက လူကုန်ကူးမှုတွ မပပျောက်နိုင်သေးတဲ့ အချက်တွေထဲက တခုဖြစ်ကြောင်း၊ နစ်နာသူ ကာယကံရှင်တွေအတွက် တရားမျှတမှု ရရှိရေး၊ ဒေသခံ အာ ဏာပိုင်တချို့ရဲ့ လက်ရှောင်မှုတွေကို အထက်ဌာနဆိုင်ရာတွေ သိရှိအောင် ဩဂုတ် ၃၀ ရက်နေ့က သက်ဆိုင်ရာ ၂ နိုင်ငံအစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ဆီပါ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ရောင်းစားခံရသူတွေကို ကယ်တင်ရာမှာ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမား ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊ ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တယ်လို့ ဦးကျော်သောင်းက ပြောသွားပါတယ်။