ရေးမြို့နယ်တွင် ငါးကုန်ကြမ်းဈေးနှုန်း ကျဆင်းနေသဖြင့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်
DVB
·
January 3, 2021
မွန်ပြည်နယ် ရေးမြို့နယ်က ထွက်ရှိတဲ့ ငါးကုန်ကြမ်းတွေ ပြီးခဲ့တဲ့ ငါးဖမ်းရာသီထက် ငါးတွေ အဝင်များပေမယ့် ဈေးနှုန်း ကျဆင်းတာကြောင့် ရေလုပ်ငန်းရှင်တွေ တွက်ခြေမကိုက် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ငါးဖမ်းရာသီမှာ ပြီးခဲ့တဲ့ ရာသီက ငါးကုန်ကြမ်းတွေ ၅၀ ရာခိုင်နှုန်းလောက် ရရှိပေမယ့် အခု ငါးဖမ်းရာသီမှာ ၈၀ ရာခိုင်နှုန်းလောက် ရရှိကြတယ်လို့ ဒေသခံ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရေလုပ်ငန်းရှင် အများစုဟာ ရေးကနေတဆင့် ငါးကုန်ကြမ်း ရေထွက်ပစ္စည်းတွေကို ရန်ကုန်ပွဲရုံကို တင်ပို့ရောင်းချတဲ့နေရာမှာ ပွဲရုံက ပေးတဲ့ ဈေးသာရရှိတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာလ ရန်ကုန်ပွဲရုံကအပြင် တခြားနယ်မြို့တွေက အစ ငါးခြောက် ငါးစို ကုန်သည်အများစုဟာ သွားလာရ အခက်ခဲတွေကြောင့် အရောင်းအဝယ်ပိုင်းမှာ ထိခိုက်နစ်နာ ရှိကြတယ်လို့ ဒေသခံ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ ရရှိတဲ့ ငါးတွေဖြစ်တဲ့ ကက္ကူရံ (ခေါ်) ငါးကျွဲရင်၊ ငါးမုတ်တွေမှာ အရင်က ဖောက်သည်ဈေး ၁ ပိဿာ ၃ သောင်းအထက် ရကြပေမယ့် အခုနှစ် ငါးဖမ်းရာသီမှာ ၂ သောင်းဝန်းကျင်လောက်သာ ရရှိကြပါတယ်။
ဒါ့အပြင် ငါးမန်းခြောက်လည်း ဈေးမရတဲ့အပြင် ဈေးကွက်မှာ ရှားပါးလာပြီး ပုစွန်ခြောက် ရှယ်ဈေးမှာ ၁ ပိဿာကို ယခင်ဈေးထက် ၁ သောင်းကျော် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်