ကျောက်မဲတွင် ခြင်ဆေးခွေကတဆင့် မွေ့ရာမီးကူးစက်ပြီး အမျိုးသား ၁ ဦး မီးလောင်သေဆုံး
DVB
·
January 2, 2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ခြင်ဆေးခွေထွန်းရာမှတဆင့် မွေ့ရာ မီးကူးစက်လောင်ကျွမ်းတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်၊ နယ်မြေ ၁ ရှိ နေအိမ်တစ်လုံးမှာ ဇန်နဝါရီ ၁ ရက် ည ၉ နာရီခွဲခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံ မသူသူက ပြောပါတယ်။
“မီးလောင်တာ ဟုတ်တယ်။ မိုင်းငေါ့သွားတဲ့လမ်း နှစ်မိုင်ကုန်းတဲ့။ လူတစ်ယောက် သေတယ်။ လူကြီးပိုင်းပဲ။ တခြားဆုံးရှုံးမှုတော့ အတိအကျ မသိဘူး။”
သေဆုံးသွားသူဟာ တပ်မတော် တပ်ကြပ်ကြီးစာရေး ပင်စင်စား နာမကျန်းဖြစ်နေတဲ့ အသက် ၇၀ အရွယ် ဦးသန်းဝင်း ဖြစ်ပြီး မိသားစုဝင်တွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတာကြောင့် တစ်ဦးတည်းနေထိုင်သူ ဖြစ်တယ်လို့ ဆရာမ ဒေါ်ရီရီဆွေက ပြောပါတယ်။
ခုတင်ရှိ အိပ်ရာပေါ်မှာ ပန်းကန်ပြားအောက်ခံပြီး ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်နေရာက မွေ့ရာပေါ် ခြင်ဆေးခွေ ပြုတ်ကျ မီးစွဲလောင်ကာ နောက်ကျောမီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပြီး တစ်အိမ်လုံးတော့ မီးမလောင်ခဲ့ဘူးလို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မီးလောင်သေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ဦးသန်းဝင်းအား ကျောက်မဲမြို့မ ရဲစခန်းမှာ (ပ) ၂/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။
သတင်း - Pra Jaw