မော်လမြိုင်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
January 2, 2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၁၁း၃၀ အချိန်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်းမှာ မူးယစ်ဆေးဝါး သယ်လာကြောင်း သတင်းအရ Probox အမျိုးအစား မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီယာဉ်ဟာ ညနေ ၁၅း၀၀ အချိန်လောက် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းမှာ ရပ်တန့်သွားလို့ စစ်ဆေးရှာဖွေရာ ၎င်းယာဉ်ပေါ်မှာ စိုးလင်းဦး(ခ)ပြောင်လေးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားနဲ့အတူ တွေ့ရှိခဲ့ပါတယ်။
အဆိုပါမော်တော်ယာဉ်အနီး စိတ်ကြွရူးသွပ်ဆေးပြားတွေ လက်ခံမယ့် တင်မျိုးလတ်(ခ)ဖိုးခွား၊ စောလှမျိုးကျော်(ခ)ဆင်ပြာ၊ ခမ်းပါ(ခ)ရှမ်း တို့ကို BORGWARD အမျိုးအစားမော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၄ ဦးကို မော်လမြိုင်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။