Homeမြန်မာသတင်း
ဧရာဝတီတိုင်းတွင် နှစ်သစ်ကူးနေ့ အမှုပေါင်း ၅၆ မှုရှိခဲ့ဟု တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူပြော
ဧရာဝတီတိုင်းတွင် နှစ်သစ်ကူးနေ့ အမှုပေါင်း ၅၆ မှုရှိခဲ့ဟု တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူပြော
DVB
·
January 2, 2021
ဧရာဝတီတိုင်းမှာ နှစ်သစ်ကူးနေ့ အမှုပေါင်း ၅၆ မှုရှိခဲ့ပြီး အမှုကြီးမရှိကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ဆုံးညမှာ အမှုကြီးဖြစ်ပွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
တိုင်းအတွင်းက လူစည်ကားတဲ့နေရာတွေမှာ လှည့်ကင်းဆောင်ရွက်တာတွေနဲ့ ရပ်ကွက်တွေ ရဲ့ ဝင်ထွက်တဲ့နေရာတွေမှာ ပူးပေါင်းအဖွဲ့တွေနဲ့ တုတ်၊ ဓား လက်နက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားတာမျိုးလည်း မရှိဘူးလို့ တိုင်းရဲတပ်ဖွဲ့တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
“နှစ်သစ်ကူးနေ့မှာ အမှုကြီးဖြစ်ပွားတာမျိုး မရှိပါဘူး၊ အခြားမှု ၈ မှုနဲ့ ကြိုတင်ကာကွယ်မှု ၄၈ မှုတော့ ရှိခဲ့ပါတယ်။”
နှစ်သစ်ကူးနေ့မှာ အမှုကြီး ဖြစ်ပွားတာမျိုးမရှိပေမဲ့ ကွာရန်တင်းစင်တာမှာ ဖျော်ဖြေရင်း ခိုက်ရန်ဖြစ်ပွားတာမျိုး ရှိသလို ကက်ဆက်ဖွင့်ထားတဲ့ နေအိမ်ပေါ် ဓားနဲ့ တက်ခုတ်တာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။
ခုလိုမျိုး မှုခင်းဖြစ်ပွားမှု လျော့နည်းအောင် ရဲတပ်ဖွဲ့ရဲ့ ပုံမှန်လှည့်ကင်းတွေအပြင် နှစ်သစ်ကူးညအတွက် ရဲတပ်ဖွဲ့ဝင်အင်အား သီးခြားရွေးထုတ်ပြီး ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ ပိတ်ဆို့ ရှာဖွေတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀ ဦးထိ တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)