အေအေဖမ်းထားသည့် အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးနှင့် တပ်မတော်သား ၃ ဦး ပြန်လွတ်လာ
DVB
·
January 1, 2021
ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ၃ ယောက်နဲ့ တပ်မတော်သား ၃ ယောက်ကို အေအေအဖွဲ့က ပြန်လွှဲပေးလိုက်ပြီး စစ်တွေမြို့ကို ပို့ဆောင်လိုက်ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အေအေအဖွဲ့က ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ရယ်။ တိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ တပ်မတော်သား ၃ ဦးရယ်ကို အေအေအဖွဲ့တာဝန်ရှိသူတွေက ရခိုင်ပြည်နယ်ထဲမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မတော်စစ်ကြောင်းတွေကို ယနေ့မွန်းလွဲပိုင်းမှာ လာရောက်လွှဲပြောင်း ပေးခဲ့တယ်။ ခုအချိန်ကို စစ်တွေကို ဆက်လက်ပို့ဆောင်ဆဲဖြစ်တယ်။ စစ်တွေရောက်ရင် သက်ဆိုင်ရာကို တပ်မတော်အနေနဲ့ သက်ဆိုင်ရာကို ဆက်လက်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ် ”လို့ ပြောပါတယ်။
အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ဟာ တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အောက်တိုဘာလက ဖမ်းဆီးခံရတာပါ။
လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် ပြန်လည်လွတ်မြောက်လာတာဟာ တပ်မတော် အနေနဲ့ အေအေအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပိုမိုတိုးတက်လာစေဖို့ ဒီဖြစ်စဉ်တွေက အထောက်အကူဖြစ်စေမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ တပ်မတော်သား ၃ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးဖို့ ရှိနေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ဒီဗွီဘီကို အစောပိုင်းက ပြောကြားထားပါတယ်။