ကျောက်ဆည်ခရိုင်တွင် သဘာဝထနောင်းပင်ကြီးများကို အခေါက်ခွာ ခိုးယူသူများရှိနေ
DVB
·
January 1, 2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦးနဲ့ မြစ်သားမြို့နယ်ရှိ ကားလမ်းတွေ တလျှောက် သဘာဝထနောင်းပင်ကြီးတွေကို ခိုးယူ အခေါက်ခွာနေသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်စည်အခေါက်တွေတင်မဟုတ်ဘဲ အခက်အလက်ကအခေါက်တွေကိုပါ ခွာယူထားကြတာ ဖြစ်ပြီး အပင်တော်တော်များများလည်း အစာကြော ရေကြောပြတ်ပီး သေကုန်ပီလို့ ကျောက်ဆည်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ကိုအေးမင်းက ပြောပါတယ်။
"နွေထနောင်း ဆောင်းမကျည်း''ဆိုသလို ထနောင်းပင်ကြီးတွေဟာ အညာဒေသတွေမှာ နွေရာသီအရိပ်အတွက် အားကိုးကြရတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်သားမြို့နယ်အတွင်း နှစ်ရှည်ပင်ကြီးတွေကို တမင်မီးရှို့ပြီး သတ်ထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Save the trees အဖွဲ့အစည်းက ဥက္ကဋ္ဌ ကိုကျော်သူရက "ဒါဟာ လူတွေရဲ့ သစ်ပင်တန်ဖိုး နားမလည်မှု၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်ဖြစ်ပြီး နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနဲ့အတူ ထင်းမီးအတွက် သုံးနေကြတာဖြစ်တယ်။ public area တွေမှာပါ အခုလိုလုပ်တာဟာ လုံးဝလက်သင့်မခံနိုင်စရာ ကိစ္စရပ်ဖြစ်ပြီး သက်ဆိုင်ရာနဲ့ ချိတ်ဆက်ဖိအားပေး သွားမယ်''လို့ ပြောပါတယ်။
အဲ့ဒီ အခေါက်တွေကို ရာဘာအစေးချွတ်တာနဲ့ အရက်ချက်ရာမှာ အသုံးပြုလို့ရပြီး ကျောက်ဆည်မှာတော့ ရာဘာလုပ်ငန်းတွေမရှိတာကြောင့် အရက်ချက်ဖို့ ယူတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - ကိုအေးမင်း