
Lead Story တိုင်းရင်းသားရေးရာ နိုင်ငံတကာ သတင်း
သြစတြေးလျနိုင်ငံတော်သီချင်းတွင် ဌာနေတိုင်းရင်းသားကို ထပ်ဟပ်သည့် စာသားပြောင်းလဲ
Email This Story :
သြစတြေးလျနိုင်ငံတော်သီချင်းမှာ ဌာနေတိုင်းရင်းသားသမိုင်းကို ထင်ဟပ်တဲ့ စကားလုံး တချို့ ပြောင်းလဲ သုံးနှုန်းလိုက်တယ်လို့ ဝန်ကြီးချုပ် စကော့်မော်ရစ်ဆင်က ဇန်နဝါရီ ၁ ရက်မှာ ပြောဆိုပါတယ်။
နိုင်ငံတော်သီချင်းမှာ “ငယ်ရွယ်လွတ်လပ်တဲ့” ဆိုတဲ့ စကားလုံးအစား “တစ်ခုတည်းဖြစ်ပြီး လွတ်လပ်တဲ့” ဆိုတဲ့ စကားလုံးကို ပြောင်းလဲလိုက်တာပါ။
ဗြိတိသျှကိုလိုနီတွေ မရောက်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀ လောက်ကတည်းက သြစတြေးလျတိုက်ပေါ်မှာ အဘော်ရီဂျင်း ဌာနေတိုင်းရင်းသားတွေ ရှိနေတာပါ။
၁၇၈၈ ဇန်နဝါရီ ၂၆ ရက်က ဆစ်ဒနီဆိပ်ကမ်းကို ပထမဆုံးသင်္ဘောစု ရောက်လာတာကို အထိမ်းအမှတ်ပြုပြီး နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၂၆ ရက်ကို သြစတြေးလျ အမျိုးသား အားလပ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီပထမဆုံးသင်္ဘောစုမှာ အများစုကတော့ ဗြိတိန်ကလာတဲ့ ပြစ်ဒဏ်ကျခံသူတွေနဲ့ စစ်သားတွေကို တင်ဆောင်လာတာပါ။
ဌာနေတိုင်းရင်းသား တချို့ကတော့ သြစတြေးလျအမျိုးသားနေ့ကို ကျူးကျော်တဲ့နေ့လို့ ခေါ်ဆိုပါတယ်။
သြစတြေးလျအစိုးရဟာ ဌာနေ အဘော်ရီးဂျင်းတိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ဖို့ ဆယ်စု နှစ်ချီ ကြိုးပမ်းနေတာပါ။
“နိုင်ငံတော် သီချင်းစာသား ပြင်ဆင်လိုက်တာဟာ သြစတြေးလျနိုင်ငံသား အားလုံးအတွက် အပြောင်းအလဲတစ်ခု ဖြစ်တယ်။ တိုင်းရင်းသား ၊ တိုင်းရင်းသားမဟုတ်သူ ၊ နောက်ခံအမျိုးမျိုးရှိ သူတွေနဲ့ နိုင်ငံရေးအမြင်အမျိုးမျိုးရှိသူတွေစတဲ့ နိုင်ငံတဝန်း သြစတြေးလျနိုင်ငံသားတွေက ကျနော့်ကို ထောက်ခံအားပေးပါတယ်”လို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။