Homeမြန်မာသတင်း
တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဆိုပါက အသိပေးရန်လို
တရုတ်နိုင်ငံက မြန်မာနိုင်ငံသားများကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဆိုပါက အသိပေးရန်လို
DVB
·
December 31, 2020
မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်ဆိုရင် တရုတ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ မြန်မာဘက်ကို ကြိုတင် အသိပေးဖို့ မူဆယ်ခရိုင်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
မူဆယ်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က "တရုတ်ကိုလည်း နောက် မြန်မာနိုင်ငံသားတွေကို ဆေးထိုးမယ်ဆို ကြိုအကြောင်းကြားဖို့ ပြောထားတယ်။ အဲဒါက ခရိုင်အနေနှင့်ရော၊ မြို့နယ် အနေနှင့်ရော ပြောထားတာပါ။" လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် အခမဲ့ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးကိုတော့ ၁၄ ရက် ကြာရင် ပြန်ထိုးမှာဖြစ်ပါတယ်။
အခု ကာကွယ်ဆေးထိုးတဲ့သူတွေဟာ တရုတ်နိုင်ငံဘက်မှာ မြန်မာကုန်တင်ကားတွေကို ရှန်တိန်မောင်းဖို့ တရုတ်စီးပွားရေးသမားတွေက ခန့်ထားတဲ့ ရွှေလီမှာနေတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတွေ ဖြစ်ပါတယ်။
မြန်မာကားသမားတွေက သူတို့ သဘောနဲ့သူတို့ ကျေနပ်လို့ တရုတ်ဘက်က စီမံတဲ့အတိုင်း လိုက်နာပြီး ကာကွယ်ဆေးထိုးခံကာ အလုပ်လည်း ဆက်လုပ်နေကြတာဖြစ်ပြီး နှစ်နိုင်ငံ အဝင်အထွက်လုပ်တဲ့ မြန်မာနိုင်ငံသားတွေကို ဆေးထိုးပေးတာမဟုတ်ဘူးလို့ သိရပါတယ်။
မူဆယ်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက “အဲဒီကားသမားတွေက ကိုယ့်နိုင်ငံသားပေမဲ့ သူတို့ဆီမှာ အလုပ်လုပ် နေတဲ့သူတွေဖြစ်တာကြောင့် ကျနော်တို့လည်း လက်ရှိအလုပ်တွေ အဆင်ပြေအောင်၊ တရုတ်တွေနဲ့ ထိတွေ့ နေတဲ့ သူတွေကို သူတို့ ထိုးပေးတာပါ။ ကျနော်တို့ကတော့ တကယ်လို့ နိုင်ငံသား ဒီဘက်က မြန်မာနိုင်ငံသားတွေကို ထိုးမယ်ဆိုဆိုလို့ရှိရင် ကြိုတင် အကြောင်းကြားပေးဖို့ ပြီးခဲ့တဲ့ တမြန်နေ့ကပေါ့နော် ပြောထားတယ်။ အဲဒါက ရွှေလီမြို့ မြို့တော်ဝန်နဲ့ ပြောထားတယ်။" လို့ ရှင်းပြပါတယ်။
မြန်မာကားသမားတွေကို တရုတ်ဘက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးလိုက်ပေမယ့် မြန်မာဘက်ကသက်ဆိုင်ရာကို အသိပေး အကြောင်းကြားတာမရှိခဲ့ပါဘူး။
မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက "အဓိကအားဖြင့်တော့ ကျနော်တို့ သူတို့ ထိုးပေးလိုက်တဲ့ အချိန် မသိလိုက်ရဘူးပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ညနေက နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တဲ့ အလွတ်သဘော ဆွေးနွေးတဲ့ အစည်းဝေးမှာတော့ နောက်တစ်ခါ ဆေးထိုးမယ်ဆိုရင် ခွင့်ပြုချက်ယူဖို့နဲ့ ခွင့်တောင်းဖို့ တောင်းဆိုထားကြောင်း တရုတ်ဘက်ကလည်း အဓိက ဆိုးကျိုးမရှိကြောင်း ပြန်လည်ပြောကြားပြီး ဆေးပြန်ထိုးမယ် ဆိုရင် စာနဲ့ ဖြစ်ဖြစ် အကြောင်းကြားဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်က “ တရုတ်နိုင်ငံက ထိုးပေးလိုက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြမ်းဖျင်း တရုတ်နိုင်ငံကနေ နိုင်ငံရပ်ခြားသွားမယ့်သူတွေကို ထိုးပေးဖို့ စီစဉ်ထားတယ်။ နယ်စပ်ဒေသမှာ သူတို့ ဆီက တာဝန်ထမ်းဆောင်တဲ့ သူတို့ တရုတ်နိုင်ငံရဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ တရုတ်နိုင်ငံသားရော၊ မြန်မာနိုင်ငံသားရော အဲဒီအဖွဲ့တွေကို ထိုး ပေးဖို့"လို့ ပြောပါတယ်။
လက်ရှိ ရွှေလီနဲ့ ကျယ်ဂေါင်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆေးထိုးပေးဖို့အတွက်တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က နန်းတော်ဂိတ်မှာ မူဆယ်နဲ့ ရွှေလီက နှစ်ဖက်တာဝန်ရှိသူတွေ နအလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Pra Jaw