ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇ ခု အန်အယ်လ်ဒီပါတီ တင်သွင်းထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့  ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇ ခု တင်သွင်းထားကာ နိုင်ခြေရှိပြီး တိုင်သင့်တယ်လို့ ယူဆတဲ့နေရာတွေကို တိုင်ထားတယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်တဲ့ အမှုတွေနဲ့ပတ်သက်ပြီး အခုလို ရွေးကောက်ပွဲ  ကန့်ကွက်လွှာတင်သွင်းတာဖြစ်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် နေပြည်တော်မှာ ကျင်းပတဲ့  ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေကို ပြောတာပါ။ အခုလို ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းထားနေရာတွေမှာ နေပြည်တော်မှာ ၁ မှု၊ ရှမ်းပြည်နယ်မှာ ၉ မှု၊  ရခိုင်ပြည်နယ်မှာ ၂  မှု၊ မွန်ပြည်နယ်မှာ ၁ မှု၊ ကရင်ပြည်နယ်မှာ ၃ မှု၊ ကချင်ပြည်နယ်မှာ ၁ မှုတို့ဖြစ်တယ်လို့ သိရပါတယ်။ “ကန့်ကွက်လွှာက ဥပဒေကြောင်းအရတင်တာပေါ့နော်။ ကျနော်တို့ တင်တာတွေက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တရားမဲ့ပြုကျင့်မှုမျိုးလေးတွေ နည်းနည်းဆန်တဲ့ဟာမျိုးလေးတွေ တိုင်တာ။ တိုင်တဲ့နေရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်ကို တိုင်သင့်လား မတိုင်သင့်ဘူးလား အကြံပေးတာ။ နိုင်နိုင်ခြေရှိတယ်ဆိုတဲ့နေရာတွေ၊ တိုင်သင့်တယ်လို့ ယူဆတဲ့နေရာ တွေကိုပဲ တိုင်တာ ” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနေနဲ့ မဲဆန္ဒနယ်မြေစုစုပေါင်း ၁၁၁၇ နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က မဲဆန္ဒနယ်မြေ ၉၂၀ မှာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရးပါတီက မဲဆန္ဒနယ်မြေ ၇၁ ခု သာ အနိုင် ရရှိခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ စုစုပေါင်း ၂၀၀ နီးပါး တင်သွင်းထားပြီး အားလုံးနီးပါးဟာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတာတွေဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက မီဒီယာတွေကို ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up