ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုပြီး ပြင်ဦးလွင်-ရန်ကုန် တစ်ကိုယ်တော် လမ်းလျှောက်မည်
DVB
·
December 29, 2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှာ ပါဝင်တဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုစနေ (ခ) ကိုကျော်ဝင်းဟာ ဒီဇင်ဘာ ၃၀ ရက်ကစပြီး ပြင်ဦးလွင်ကနေ ရန်ကုန်ကို အသွားအပြန် တစ်ကိုယ်တော်လမ်းလျှောက်ဖို့ စီစဉ်နေပါတယ်။
တစ်ကိုယ်တော်လမ်းလျှောက်ဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ခွင့်ပြုချက်တင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်ကနေ ရန်ကုန်အသွားအပြန် မိုင် ၁၀၀၀ လောက်ရှိပြီး အလှူငွေ လက်ခံသွားမှာ ဖြစ်ကာ ဖြတ်သွားတဲ့မြို့တွေမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဌာနတွေကို ပြန်လည်လှူဒါန်းပေးသွားမယ်လို့ တစ်ကိုယ်တော်လမ်းလျှောက်မယ့် ကိုစနေ (ခ) ကိုကျော်ဝင်း က ပြောပါတယ်။
ကိုစနေ (ခ) ကိုကျော်ဝင်း ဟာ ၂၀၁၇ ခုနှစ်ကလည်း ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ် အောင်နိုင်ရေး၊ လူငယ်လူရွယ်မူးယစ်ကင်းစင်ရေး၊ မြန်မာနိုင်ငံ စိမ်းလန်းစိုပြေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြင်ဦးလွင် ကနေ ရန်ကုန် လမ်းလျှောက်ခဲ့ဖူးပါတယ်။
သတင်း - နိုင်လင်းဦး