ဆီးရီးယားအစိုးရ ထောက်ခံသူများ အမေရိကန်ကို ကန့်ကွက်ဆန္ဒပြ

ဆီးရီးယားအစိုးရကို ထောက်ခံသူတွေဟာ အမေရိကန်ရဲ့ စစ်ရေးအရ စွက်ဖက်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဆီးရီးယားနိုင်ငံ မြို့တော် ဒမက်စကက်မှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ အာဆန်ရဲ့ ဓာတ်ပုံတွေ  ကိုင်ထားတဲ့ ဆန္ဒပြသမားတွေဟာ အမေရိကန်ရဲ့ စွက်ဖက်မှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြပါတယ်။ ဒီအတောအတွင်းမှာ ဆိရီးယား အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်လာနိုင်တဲ့နေရာတွေမှာ လူသားတံတိုင်းတွေ လုပ်ပြီး အသေခံကာကွယ်ကြဖို့ မနေ့ကစပြီး စည်းရုံးနေပါတယ်။ ဒီအဖွဲ့ဟာ ဒမက်စကတ်မြို့မှာ ယာယီတဲတွေထိုးပြီး ဆီးရီးယားကို အမေရိကန် တိုက်ခိုက်လာခဲ့ရင် အသေခံကြမယ့် သူတို့ရဲ့ လှုပ်ရှားမှုထဲမှာ ပြည်သူတရပ်လုံး ပါဝင်လာအောင် လှုံ့ဆော်နေပါတယ်။ ဓာတုလက်နက်တွေကို အသုံးပြုနေတဲ့ ဆီးရီးယား အစိုးရကို  စစ်ရေးအရ အရေးယူတိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက ဩဂုတ် ၃၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပေမယ့် ကွန်ဂရက်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒီအတောအတွင်းမှာ ဆီးရီးယား အမျိုးသားညွန့်ပေါင်းအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမှာ အရေးပေါ်အစည်းအဝေး ကျင်းပပြီး အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဆီးရီးယား အစိုးရအပေါ် အမေရိကန်က စစ်ရေးအရ အရေးယူမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်သူတွေအများစုက  မထောက်ခံသလို၊ မွတ်စလင်ကမ္ဘာနဲ့ နိုင်ငံတကာ အစိုးရတွေထဲမှာလည်း  ထောက်ခံတဲ့ အုပ်စုနဲ့ ကန့်ကွက်တဲ့ အုပ်စုဆိုပြီး  နှစ်ခြမ်းကွဲနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up