မြန်မာယာဉ်မောင်း ၂၃ ဦးကို တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး
DVB
·
December 29, 2020
မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ် ဝမ်တိန်ဂိတ်က မြန်မာနိုင်ငံသား ယာဉ်မောင်း ၂၃ ဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့က တရုတ်နိုင်ငံ ဝမ်တိန်ကျန်းမာရေးဌာနမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ မနန်းခမ်းခင်က ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် အဲ့ဒီယာဉ်မောင်း ၂၃ ဦးဟာ မြန်မာနိုင်ငံသားတွေထဲက ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံခွင့်ရသူတွေ ဖြစ်သွားပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့အတွက် မြန်မာကားသမား ၂၉ ဦးကို ခေါ်ဆောင်သွားခဲ့ပေမဲ့ ၆ ဦးကိုတော့ ကာကွယ်ဆေးမထိုးပေးခဲ့ဘူးလို့ သိရပါတယ်။
စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ မနန်းခမ်းခင်က “ ၂၉ ယောက်ခေါ်သွားတယ်။ အဲထဲမှာမှ ၆ ယောက်က မထိုးခဲ့ရဘူး။ အဲ ၆ ယောက်ထဲမှာ ဘာလို့ မထိုးရလဲဆို အရက်သောက်တာတို့ ဘီယာ နည်းနည်းသောက်ထားတာတို့၊ ဒီအကိုက်အခဲဆေး နည်းနည်း သောက်ထားတာတို့ ပြီးတော့ ဆီးချိုရှိတဲ့လူတို့ အဲလိုမျိုးတွေ မထိုးပေးပါဘူး” လို့ ပြောပါတယ်။
လက်ရှိ ကာကွယ်ဆေးထိုးနှံခံရသူတွေဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး ၁၄ ရက်ပြည့်ရင် ကာကွယ်ဆေး နောက်တကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။
အဲ့ဒီယာဉ်မောင်းတွေအားလုံးဟာ မြန်မာသစ်သီးကုန်တင်ယာဉ်တွေရဲ့ အစားထိုး ယာဉ်မောင်းတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နယ်စပ်ဂိတ်မှာ လူအဝင်အထွက် ကန့်သတ်ထားပြီး ကုန်တင်ယာဉ်တွေ တရုတ်နိုင်ငံဘက်ဝင်ရောက်တဲ့အခါ ယာဉ်မောင်းအစားထိုး မောင်းနှင်ဖို့အတွက် မြန်မာယာဉ်မောင်းတွေကို ဆေးစစ်ခေါ်ယူထားပါတယ်။ အဲ့ဒီယာဉ်မောင်းတွေထဲကမှ သူတို့နဲ့ အနီးကပ်ဆုံး ထိတွေ့သူတွေကို ကာကွယ်ဆေးထိုးပေးတာ ဖြစ်ပါတယ်။
သတင်း - Pra Jaw