‘ဝ’ ဒေသတွင် ကိုဗစ်-၁၉ လူနာသစ် တရုတ်နိုင်ငံသား ၇ ဦးတွေ့ရှိ
DVB
·
December 29, 2020
အထူးဒေသ (၂) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ လူနာသစ် တရုတ်နိုင်ငံသား ၇ ယောက် ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ ‘ဝ’ ကျန်းမာရေးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့က ပန်ခမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ တရုတ်နိုင်ငံသား ၂၁၃ ယောက်အပါအဝင် စုစုပေါင်း အယောက် ၁၂၃၀ ကို စစ်ရေးရာမှာ အတည်ပြုလူနာသစ် ၇ ယောက်ထပ်တိုးလာတာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
လူနာသစ် ၇ ဦးကတော့ တရုတ်နိုင်ငံသား အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၆ ယောက်တို့ဖြစ်ကြပြီး သူတို့နဲ့ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေကိုလည်း ကွာရန်တင်းထားရှိတယ်လို့ ဆိုပါတယ်။
‘ဝ’ ဒေသမှာ ဒီဇင်ဘာ ၂၈ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉,၁၇၃ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ ပန်ခမ်းမြို့မှာ ၁၉ ယောက်၊ မိုင်းပေါက်ခရိုင်မှာ ၂၆ ယောက် စုစုပေါင်း အတည်ပြုလူနာ ၄၅ ယောက် တွေ့ရှိထားပြီး သေဆုံးသူတော့ မရှိသေးပါဘူး။
အတည်ပြုလူနာတွေအားလုံးကို တရုတ်နိုင်ငံ မိုင်လင်မြို့ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ ‘ဝ’ကျန်းမာရေးဌာနတို့က ပူးပေါင်းပြီးဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
အထူးဒေသ ၄ မိုင်းလားမှာလည်း ဧရိယာတစ်ခုလုံးကို Lockdown ချထားပြီး လူတိုင်းစေ့ အခမဲ့ PCR စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ ရပ်ကွက်နဲ့ အိမ်ခြေအလိုက် တစ်အိမ်ချင်းစီ ကိုဗစ်-၁၉ စစ်ဆေးပေးနေတာဖြစ်ပြီး သတ်မှတ်ချက်မလိုက်နာဘဲ နေအိမ်အပြင်ထွက်ပါက ဒဏ်ငွေရိုက်ပြီး ပြစ်ဒဏ်ချမှတ်တာတွေလည်း ရှိပါတယ်။