ပွဲအားလုံး အနိုင်ရလိုတဲ့အတွက် ဒီနေ့စွမ်းဆောင်ရည်အပေါ် ဒေါသဖြစ်ရပါတယ် – လမ်းပတ်

337
မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ဒေါသဖြစ်ရတယ်လို့ နည်းပြလမ်းပတ်က ဝန်ခံပါတယ်။
ဘောက်ဆင်ဒေးနေ့မှာ ရှုံးနိမ့်ခဲ့မှုကြောင့် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၂ ကို တက်နိုင်မယ့်အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို လာကာဇတ်၊ ရှာကာနဲ့ ဆာကာတို့က သွင်းယူပေခဲ့ပါတယ်။
ပြင်းထန်တဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြအာတီတာအတွက် အခုပွဲဟာ နိုဝင်ဘာ ၁ ရက်နေ့နောက်ပိုင်း ပထမဆုံးသော အိမ်ကွင်းနိုင်ပွဲကို ရရှိခဲ့ပြီး ဖိအားတချို့ကို လျှော့ချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်က အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပြီး ဂိုးကွာဟချက်ကိုလျော့ချဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဂျေုာ်ဂျင်ဟိုရဲ့ ပင်နယ်တီလွဲချော်ခဲ့မှုကြောင့် အဆုံးသတ်သွားခဲ့ရပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ အမှတ်လျော့ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ လီဗာပူးကို ဖိအားပေးမယ့်ပြိုင်ပွဲမှာ ယူနိုက်တက်၊ လက်စတာတို့နောက်မှာသာ ဆက်ရှိနေခဲ့ပြီး ငွေကြေးများစွာ သုံးစွဲထားတဲ့ ချဲလ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က “ဒီခြေစွမ်းကလုံလောက်မှုမရှိခဲ့ပါဘူး။ ကျနော်တို့ ဒုတေယပိုင်းမှာ တိုက်ခိုက်ခဲ့ကြပေမယ့် ပထမပိုင်းမှာတော့ လိုအပ်ချက်တွေအ များကြီးရှိခဲ့ပါတယ်။ ဒီနေ့အရှုံးမှာ နည်းပြတစ်ယောက်အနေနဲ့ ကွင်းအပြင်ဘက်က ဖြစ်ရပ်တွေကို တာဝန်ယူနိုင်ပေမယ့် ကစားသမားတွေမှာလည်း တာဝန်ရှိပါတယ်။ အာဆင်နယ်အသင်းဟာ အန္တရာယ်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ ဒါဟာ ရှင်းပါတယ်။ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက်ပဲ ကစားနိုင်ရုံနဲ့ ပွဲတွေကိုအနိုင်ရမှာမဟုတ်ပါဘူး။ ပွဲတွေအားလုံးကို အနိုင်ရ လိုတဲ့အတွက် ဒီနေ့စွမ်းဆောင်ရည်အပေါ် ကျနော် ဒေါသဖြစ်ရပါတယ်။ ဒါဟာ ဒုတိယနေရာကို တက်လှမ်းနိုင်တဲ့အခွင့်အရေးပါ။ ဒါပေမဲ့ ကျနော်တို့ တန်သလောက်ပဲ ရခဲ့ပါတယ်” လို့ ပြောပါတယ်။
အသင်းရဲ့စွမ်းဆောင်ရည်ကို အားမရကြောင်း ဝန်ခံခဲ့ပေမယ့် လမ်းပတ်က သူ့အသင်းပေါ် ဝေဖန်မှုတွေကို ပယ်ချသွားခဲ့ကာ သူတို့အမှားတွေ များခဲ့ကြောင်း ပြောခဲ့ပြီး လက်ရှိချဲလ်ဆီးအသင်းဟာ ပြည့်စုံမှုရှိနေဆဲ အခြေအနေမှာပါလို့ ဆိုပါတယ်။