မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၇ ဦးထပ်တွေ့၊ လူနာ စုစုပေါင်း ၂၄၃၆ ဦးရှိလာ
DVB
·
December 27, 2020
မကွေးတိုင်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၇ ဦး ထပ်မံတွေရှိခဲ့ပြီး လူနာ စုစုပေါင်း ၂၄၃၆ ဦး ရှိပြီလို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာတွေမှာ စလင်းမြို့က ၁၅ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးက ၈ ဦး၊ ပခုက္ကူ ၄ ဦး၊ အောင်လံနဲ့ ပွင့်ဖြူတို့က ၃ ဦးစီ၊ အောင်လံ၊ သရက်၊ ဂန့်ဂေါနဲ့ မြို့သစ်တို့က ၂ ဦးစီ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ နတ်မောက်၊ ချောက်၊ မင်းဘူးနဲ့ မကွေးတို့က ၁ ဦးစီဖြစ်ပါတယ်။
မကွေးမြို့က လူနာ ၈ ဦးဟာ RDT Test Kit နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူ ၅ ဦး၊ ခရီးသွားရာမှ အသွားအလာကန့်သတ်ထားသူ ၁ ဦး၊ ပိုးတွေလူနာတွေနဲ့ ထိတွေ့မှုမရှိသူ အနံ့ပျောက် ၁ ဦးနဲ့ PUI ၁ ဦးတို့ ဖြစ်ပါတယ်။ ကျန် ၃၆ ဦးကတော့ NHL ကို ပေးပို့စစ်ဆေးခဲ့တာပါ။
ပိုးတွေ့လူနာတွေအနက် စလင်းက ၁၃ ဦး၊ အောင်လံက ၂ ဦး နဲ့ ဂန့်ဂေါက ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေက ကွာရန်တင်း စင်တာတွေက ဖြစ်ပါတယ်။
မကွေးတိုင်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၄၃၆ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။