ထီဝယ်လိုအား မြင့်တက်သဖြင့် အရန်ထီ အုပ်ရေ ၈ သောင်းကျော် ထပ်မံရောင်းချခဲ့ရ
ချမ်းမြေ့မောင်
·
December 26, 2020
ဒီလမှာ ထီဝယ်လိုအား မြင့်တက်ခဲ့တာကြောင့် အောင်ဘာလေသိန်းဆုဌာနခွဲကနေ အရန်ထီ အုပ်ရေ ရှစ်သောင်းကျော်ကို ကုန်စင်အောင် ထပ်မံရောင်းချခဲ့ရပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက အခုလမှာ (က) အက္ခရာကနေ (ကဆ) အက္ခရာထိ အက္ခရာအလုံးရေ ၄၀ ကုန်အောင် ရောင်းချပြီးဖြစ်တဲ့အတွက် နောက်ထပ်အရန်ထီဖြစ်တဲ့ (ကဇ)အက္ခရာကိုလည်း ထပ်တိုးရောင်းချပေးခဲ့ပါတယ်။
ထပ်တိုးရောင်းချတဲ့ ထီအက္ခရာတလုံးက ထီအုပ်ရေ ၈၁၀၀၀ ကျော်ကို အခုလမှာ ကုန်စင်အောင် ရောင်းချပြီးဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲ တာဝန်ရှိသူက ပြောပါတယ်။
ပွင့်လင်းရာသီ နှစ်သစ်ကူးကာလမှာ စျေးကွက်အတွင်း ထီဝယ်လိုအားများနေတယ်လို့ ထီကိုယ်စားလှယ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့လမှာ အောင်ဘာလေက အရန်ထီအက္ခရာတလုံး ထုတ်ရောင်းရာမှာ ထီအုပ်ရေ ၅ သောင်းလောက်ပဲ ရောင်းချရပြီး ၃ သောင်းကျော်လောက် ရောင်းမကုန်ဘဲ ကျန်ခဲ့တာပါ။
အရန်ထီ ထုတ်ရောင်းချတဲ့သဘောက စျေးကွက်အတွင်း ထီစျေးနှုန်းထိန်းညှိဖို့နဲ့ ဝယ်လိုအားလိုက်တဲ့အပေါ် မူတည်ပြီး ရောင်းချတာဖြစ်တယ်လို့ ထီကိုယ်စားလှယ်တယောက်က ပြောပါတယ်။
ကျပ်သိန်း ၁၅၀၀၀ ခွဲထီအတွက် အစိုးရက ထီတစောင်ကို ၁၀၀၀ ကျပ် သတ်မှတ်ထားပေမဲ့လည်း တကယ့်မြေပြင် ထီဈေးကွက်မှာတော့ ကျပ် ၁၀၀၀ ထပ်ပိုပြီး ဝယ်ယူ ကံစမ်းနေရတဲ့ အခြေအနေမှာပဲ ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိတဲ့ ဆုမဲတွေရဲ့ ဘဏ္ဍာသိမ်းရငွေထဲက ကျပ်သန်း ၂၅၀ ကို တဆုချင်း ဆုမဲကျပ် ၁၀ သိန်း ၄ ဆု နဲ့ ဝေဝေဆာဆာဆုမဲတွေဖြစ်တဲ့ ကျပ် ၃ သိန်း ၂၀ဆု ၊ ကျပ်၂ သိန်း ၂၀၀ ဆု ၊ ကျပ် ၁ သိန်း ၂၀၀၀ ဆု စုစုပေါင်း ၂၂၂၄ ဆုကို ထပ်မံချီးမြှင့်ပေးခဲ့ပါတယ်။