Homeမြန်မာသတင်း
၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ
၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ
DVB
·
December 26, 2020
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
အကောက်ခွန်ဦးစီးဌာန ၀န်ထမ်းတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ယာဉ်ပေါ်မှာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းတွေ ပါတာကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးကို မောင်းနှင်ကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အသေးစိတ်ရှာဖွေခဲ့ရာ ယာဉ်ပေါ် စက္ကူဂျပ်ဖာတွေအတွင်း အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန်လောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂ လမ်းနှင့် လမ်း ၁၂၀ ကြား၊ အမှတ်(ညည-၅၉/၅၅) မှာ ရဲစိန်နဲ့ ညနေ ၄ နာရီအချိန်လောက်က စက်မှု (၂)ရပ်ကွက်၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြား၊ အမှတ်(၁၄၀) မှာ ယာဉ်မောင်း သန်းစိုးတို့အား ဖမ်းဆီးမိခဲ့ပါတယ်။
ရဲစိန် (၄၂-နှစ်)၊ သန်းစိုး (၃၈-နှစ်)တို့အား ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးတယ်လို့ ဆိုပါတယ်။