Homeမြန်မာသတင်း
နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ပါရမီစံကျောင်းတော်ကြီးကို အချိန်မီပြုပြင်ထိန်းသိမ်းရန် လိုအပ်
နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ပါရမီစံကျောင်းတော်ကြီးကို အချိန်မီပြုပြင်ထိန်းသိမ်းရန် လိုအပ်
DVB
·
December 26, 2020
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်က ကွမ်းခြံကုန်းမြို့၊ ငှက်တွင်းဆရာတော်ဘုရားကြီးရဲ့ စတုဘုမ္မိက ပါရမီစံကျောင်း ပရိယတ္တိစာသင်တိုက်အတွင်း နှစ်ပေါင်း ၁၃၁ နှစ် သက်တမ်းရှိ ပါရမီစံကျောင်းတော်ကြီး မပျက်စီးအောင် အချိန်မီပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။
ကျောင်းတော်ကြီးရဲ့ တံခါးတွေနဲ့ အချို့နေရာတွေက ပျက်စီးနေပြီး အပေါ်ထပ်က ဆက်သွယ်ထားတဲ့ လှေကားကြီးက အလေးချိန်များတဲ့အတွက် အချိန်မီမပျက်စီးအောင် ထိန်းသိမ်းသင့်သလို နိုင်ငံတော်အစိုးရအနေနဲ့လည်း တတ်နိုင်သလောက် ပံ့ပိုးပေးစေချင်တယ်လို့ ပါရမီစံကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော်က ဘဒ္ဒန္တသုန္ဒရသီရိက မိန့်ပါတယ်။
စစ်ကိုင်း ရွှေမင်းဝံငှက်တွင်း ဆရာတော် ဦးပဏ္ဍဝ သီတင်းသုံးဖို့ ၁၂၅၁ ခုနှစ်မှာ အလှူရှင် ဦးဆိုင်နဲ့ ဒေါ်ဟန်တို့က သုံးထပ်အမြင့်ရှိတဲ့ ပါရမီစံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။
လှေခါးထစ် ၃၃ ထစ်ရှိ ကြောင်လိမ်လှေခါးကြီးနဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျည်ဆန်ထိမှန်ခဲ့တဲ့ နေရာတွေနဲ့ ရှေးဟောင်းအနုပညာလက်ရာတွေ ကျန်ရှိနေပါသေးတယ်။
ကျောင်းတော်ကြီးက အထပ်မြင့်ပြီး ရှေးဟောင်းလက်ရာတွေဖြစ်တဲ့အပြင် အထိခိုက်မခံတဲ့အတွက် မပြုပြင်ဘဲ ပြတိုက်သဖွယ် ထားရှိထားရပါတယ်။
အဆောက်အဦ တည်တံ့ခိုင်မြဲအောင် အားလုံးမှာတာဝန်ရှိပြီး ပြန်လည်ပြုပြင်စေချင်တယ်လို့ ကျောင်းအကျိုးတော်ဆောင်၊ ဦးဆန်းအောင်က ပြောပါတယ်။
နှစ်ပေါင်းတစ်ရာကျော်အတွင်း ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းအပြီး ပျက်စီးသွားတဲ့ အပေါ်ဆုံး ဘုံးကျောင်းကို အေးရှားဝေါလ်ကုမ္ပဏီက ပြုပြင်ပေးခဲ့ပြီး အဲ့ဒီတစ်ကြိမ်ပဲ ပြုပြင်မွမ်းမံမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပါရမီစံကျောင်း ပရိယတ္တိစာသင်တိုက်ဟာ ၁၁ ဧကဝန်းကျင်ကျယ်ဝန်းပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိတဲ့ ကျောင်းအဆောက်အဦတွေ၊ သိမ်ကျောင်းနဲ့ စေတီတွေ ရှိပါတယ်။
လက်ရှိမှာ သံဃာတော် ၂၅ ပါး၊ ကိုရင် ၇ ပါးနဲ့ သီလရှင် ၂၅ ပါး သီတင်းသုံးပြီး အရင်က ၁၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း - လွင်မိုးအောင်