ရန်ကုန်ကနေ ရှမ်းပြည်နယ်ကို လေယာဉ်ဖြင့်လာသူ ၂ ဦး ကိုဗစ်ပိုးတွေ့
DVB
·
December 26, 2020
ရှမ်းပြည်နယ် တောင်ကြီးနဲ့ ကျိုင်းတုံမြို့တို့မှာ ရန်ကုန်ကနေ လေယာဉ်နဲ့ လာသူ ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကျိုင်းတုံမြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်ကနေ လေယာဉ်နဲ့ လာတဲ့ ခရီးသည်တွေကို ကွာရင်တင်းထားပြီး တောင်ကြီးဓာတ်ခွဲဌာနကို နမူနာပေးပို့ စစ်ဆေးရာမှာ အမျိုးသမီးဝန်ထမ်း ၁ ဦး ဒီဇင်ဘာ ၂၄ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
အဲဒီခရီးစဉ်မှာ ခရီးသည် ၅၄ ဦး လိုက်ပါလာကာ stay at home ဒေသတွေက လာရောက်သူတွေကို ကွာရန်တင်း ထားရှိခဲ့တာပါ။ ပိုးတွေ့သူတဦး ထွက်ပေါ်လာတာကြောင့် stay at home မသတ်မှတ်ထားတဲ့ ဒေသက ၈ ဦးကိုလည်း ကွာရန်တင်းထားဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန်ကနေ လာတဲ့ လေယာဉ်စီးခရီးသည်တွေကို ကွာရန်တင်းထားပြီး နမူနာယူစစ်ဆေးတာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က အမျိုးသားတဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။
လူနာဟာ အသက် ၂၂ နှစ်အရွယ် ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းဖြစ်ပြီး ကျန်းမာရေးထောက်ခံစာရယူကာ ရန်ကုန်ကနေ လေယာဉ်နဲ့ လာရောက်ရှိခဲ့ပြီးနောက် တောင်ကြီးမြို့က ဟိုတယ်တခုမှာ အသွားအလာကန့်သတ်ထားတာလို့ ဆိုပါတယ်။
အဲဒီလေယာဉ်ခရီးစဉ်မှာ ခရီးသည် ၃၀ ဦး ပါဝင်ပြီး ရန်ကုန်-ဟဲဟိုး-တာချီလိတ်ကို ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
ဟဲဟိုးလေဆိပ်မှ တောင်ကြီးဟိုတယ်ကို ပို့ဆောင်ပေးခဲ့တဲ့ အငှားယာဉ်မောင်းကိုလည်း ဟဲဟိုးကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့ထိ ရှမ်းပြည်နယ်မှာ ပိုးတွေ့လူနာ ၈၀၄ ဦးရှိနေပြီး ဆေးရုံတက်လူနာ ၁၇၇ ဦးနဲ့ သေဆုံး ၃ ဦးရှိပါတယ်။
ဓာတ်ပုံ - ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန