မိုင်းလား အထူးဒေသ (၄) တွင် Lock Down ချ၊ နေအိမ်အပြင်ထွက်သူများကို အရေးယူ
DVB
·
December 26, 2020
အထူးဒေသ (၄) မိုင်းလားဧရိယာတစ်ခုလုံး Lock Down ချထားပြီး သတ်မှတ်ချက် မလိုက်နာဘဲ နေအိမ်အပြင်ထွက်ပါက ဒဏ်ငွေရိုက် ပြစ်ဒဏ်ချမှတ်မယ်လို့ သိရပါတယ်။
မိုင်းလားမြို့နေထိုင်သူတစ်ဦးက “အိမ်ထဲက အပြင်ထွက်ခွင့်ကို လုံးဝမပေးပါဘူး။ အခုလို Stay At Home မကြေညာခင် ၃ ရက်လောက်ကတည်းက လိုအပ်တဲ့ စားသောက်ကုန်တွေ ဝယ်ထားဖို့ သတိပေးပြီးသားပါ။ တချို့ တရုတ်နိုင်ငံသားတွေက ခိုးပြန်ဖို့လုပ်တာတွေရှိတယ်။ ဂိတ်တွေတော့ လုံးဝပိတ်ထားတယ်။ အပြင်ထွက်တာတွေ့ရင်၊ Mask မတပ်ရင် ယွမ် ၅၀၀ ဒဏ်ငွေရိုက်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။
အထူးဒေသ (၄) မိုင်းလားမြို့နဲ့ တရုတ်နိုင်ငံ တာလော့မြို့ ဆက်သွယ်ထားတဲ့ ဝင်/ထွက်ပေါက်ကိုလည်း ပိတ်ထားပြီး ခိုးထွက်နိုင်တဲ့ လမ်းတွေပါ အစောင့်အကြပ်နဲ့ ပိတ်ထားတယ်လို့ သိရပါတယ်။
Stay At Home သတ်မှတ်ထားတဲ့ ကာလမှာ ၅ ရက်ခန့် ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့တွင်း လမ်းမတွေပေါ်မှာတော့ မြို့လုံခြုံရေးအစောင့်တွေအနေနဲ့ PPE ဝတ်စုံ ဝတ်ဆင်ထားပြီး နေအိမ်အပြင်ထွက်ပြီး သွားလာမှုမရှိအောင် စောင့်ကြပ်နေတာတွေလည်းရှိပြီး မိုင်းလားဧရိယာအတွင်း ကူးစက်မှုအခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
အထူးဒေသ (၄) မိုင်းလားဧရိယာ တစ်ခုလုံး Lock Down ချထားပြီး ပြည်သူအားလုံးကိုလည်း PCR စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနေပါတယ်။
အထူးဒေသ (၄) နဲ့ ထိစပ်နေတဲ့ အထူးဒေသ (၂) UWSA မြောက်ပိုင်းဧရိယာအတွင်း မိုင်းပေါက်မြို့မှာ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးနဲ့ ပန်ဆန်းမြို့မှာ ၉ ဦး စုစုပေါင်း ၂၇ ဦး တွေ့ရှိထားတယ်လို့ သိရပါတယ်။
သတင်း - ကိုဇက်