Home
မြန်မာသတင်း
အလုပ်သမား ၆ ဦး ကိုဗစ်ပိုးတွေ့ဖြင့် လှတောကျေးရွာ ဆန်စက်တခုကို Lockdown ချ
DVB
·
December 26, 2020
အလုပ်သမား ၂၀၀ ကျော်ရှိတဲ့ လှတောကျေးရွာက အဆင့်မြင့်ဆန်စက်တခုမှာ အလုပ်သမား ၆ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တာကြောင့် Lockdown ချလိုက်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် လှတောကျေးရွာက အဆင့်မြင့်ဆန်စက်တခုက အမျိုးသမီးတစ်ဦးဟာ အနံ့ပျောက်တဲ့အတွက် ဒီဇင်ဘာ ၂၄ ရက်နေ့က ပြည်သူ့ဆေးရုံကြီးမှာ သွားရောက်ပြသခဲ့ပြီး Test Kit နဲ့ စစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကိုဗစ်အတည်ပြုလူနာနဲ့ ထိစပ်သူ ၁၈ ဦးကို ကျေးရွာအထက်တန်းကျောင်း ကွာရန်တင်းစင်တာမှာ သီးခြားစောင့်ကြည့်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က Test Kit နဲ့စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးထပ်မံတွေ့ခဲ့တာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကိုဗစ်ကော်မတီဝင်တွေက ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။ ဝက်လက်မြို့ ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်က “ဆန်စက်အတွင်းမှာ လူဦးရေများတဲ့အတွက် လတ်တလော ကန့်သတ်ဧရိယာလုပ်ခိုင်းထားပါတယ်။ သူတို့အားလုံးကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးဖို့ တိုင်း/ကျန်းမာရေးကို တင်ပြစီစဉ်ထားပါတယ်” လို့ ပြောပါတယ်။ ဝက်လက်မြို့ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ကော်မတီအနေနဲ့ အလုပ်သမားဦးရေ ၂၀၀ ကျော်ရှိတဲ့ အဲဒီဆန်စက်ကို လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးပြီး လတ်တလော ဝင်ထွက်ခွင့်ပိတ်ထားကာ Lock down ချ စောင့်ကြည့် စစ်ဆေးပေးသွားမယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက “Positive လူနာနဲ့ ထိတွေ့သူတွေက များနေတော့  Lockdown ချပြီး သီးခြားထား စောင့်ကြည့်ဖို့ စီစဥ်ထားပါတယ်။ ပြည်သူလူထုလည်း စိုးရိမ်ပူပန်မှု မရှိရအောင် ဆောင်ရွက်ထားပါတယ်‌။ ကိုဗစ်စည်းကမ်းတွေကိုတော့ ဆက်လက်လိုက်နာကျင့်သုံးကြပါ” ပြောပါတယ်။ စက်ရုံထဲမှာ ရှိနေတဲ့ လူဦးရေ ၂၀၀ ကျော်အတွက် We love wetlet အဖွဲ့ကနေ ၁၄ ရက်စာ အစားအစာတွေ ကူညီထောက်ပံ့ပေးသွားမှာလို့ ဆိုပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၈ ဦးရှိပြီး လတ်တလော ဆေးရုံမှာ ကုသနေသူ ၁၁ ဦးရှိပါတယ်။ ရွှေဘိုခရိုင်မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၉၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄၇ ဦးရှိပြီး ကုသဆဲလူနာ ၄၈ ဦးနဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။ သတင်း - အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024